ဤသို့ပြုရ မြတ်ပုံညကြောင့် ဗုဒ္ဓဟောကြား မြတ်တရား အများသိပါစေ
မှတ်တမ်းဓါတ်ပုံများ
NEW PROXIES DAILY UPDATES
-အင်တာနက် speed မြန်ချင်တယ်ဆိုရင် ဒီမှာဒေါင်းပြီး run လိုက်ပါ
-မဟာစည်ဆရာတော်၏ တရားတော်များကို နာယူချင်တယ်ဆိုရင်
ှဦးစွာ Qucktime player ကို
ဒီမှာ ဒေါင်းလွတ် လုပ်ပြီး၊ install လုပ်ထား ဖို့ လိုပါလိမ့်မယ်။
-နိုင်ငံအလိုက်ဖုန်းခေါ်ရန် codes ကုဒ်များ
အဓမ္မ၀ါဒဂိုဏ်းများကို ဖေါ်ထုတ်ရန်အတွက် ဓမ္မဥပဒေပြန့်ပွားရေး အသင်းချူပ်မှ ၀က်ဘ်ဆိုက်တစ်ခု ဖန်တီးထာားပါတယ်။

ရဟန်းတော်များ ဇိမ်နဲ့နေကြတာလား

အမေး။ ။ဘုန်းဘုန်းဘုရား…. တပည့်တော်လူတွေမှာ အပူသောကတွေအလွန်များပါတယ်ဘုရား။ ဒါပေမဲ့ဘုန်းကြီးတွေမှာတော့ အပူအပင်ကင်းပြီး ဇိမ်နဲ့ အေးအေးဆေးဆေး နေရတယ်လို့ တပည့်တော် ထင်မှတ်မိပါတယ်ဘုရား။ ဒီအမြင် မှားသလား-မှန်သလား ဆိုတာ တပည့်တော်သိချင်ပါတယ်ဘုရား။
အိအိ
စင်္ကာပူ

အဖြေ။ ။“လူတစ်ခု ပူမှုရယ်ကဆယ်ကုဋေ” လို့အဆိုရှိတဲ့အတိုင်း လူတွေမှာ သောကအပူတွေများလှတယ်ဆိုတာမှန်ပါတယ်။ ဒီသောကအပူ တွေမှ ကင်းရှင်းဖို့ ငြိမ်းအေးဖို့ဆိုပြီး ရဟန်းဝတ်ခါစတုန်းက ဆရာသမားထံမှာ သံသာရ၀ဋဒုက္ခတော မောစနတ္ထာယ လို့ဆိုခဲ့ရသလို ဥလ္လုမ္ပတု မံဘန္တေ စတာတွေလဲဆိုခဲ့ရပါတယ်။ အဓိပ္ပါယ်က ရဟန်းပြုလာတာဟာ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုရဟန်းပြုခဲ့ပေမဲ့ အာသဝေါကင်းကွာ ရဟန္တာမဖြစ်သေးသမျှကာလပတ်လုံး အပူတွေမှ မကင်းသေးပါ။ ဒါဖြင့် ပုထုဇဉ် ရဟန်းတော်များမှာပူတဲ့အပူတွေက ဘယ်လိုအပူတွေလဲဆိုရင် အိုဘေးနာဘေး သေဘေးဆိုတဲ့ တကယ့်အပူဘေးတွေပါ။ ဒါနဲ့ပတ်သက်ပြီး ပါဋိလိပုတ်ပြည့်ရှင် ဘုရင်အာသောကလက်ထက်က အဖြစ်အပျက် လေးတစ်ခုကို ပြောမယ်။
သုံးရာစုနှစ်က သီရိဓမ္မာသောကမင်းကြီးရဲ့ ညီတော်တိဿက “ ဒီရဟန်းတော်များဟာ ငါ့အစ်ကိုပေးတဲ့ အစာရေစာတွေကို မြိန်ရေယှက်ရေ စားကြပြီး ကောင်းတဲ့ အိပ်ရာတွေမှာ အိပ်ရတာ အလွန်ပျော်ရွှင်ကြမှာပဲ” ဆိုပြီး သူ့အမြင်ကို အစ်ကိုဖြစ်တဲ့ သီရိဓမ္မာသောကမင်းအား ပြောပြပါတယ်။ ထိုအခါ သီရိဓမ္မာသောကမင်းက စိတ်ဆိုးဟန်ပြုကာ “ ဟဲ့ တိဿ….မင်းဒီနေ့ကစပြီး ငါ့ရဲ့ ထီးနန်းစည်းစိမ်ကို ခံစားရမယ်၊ ခုနှစ်ရက်ပြည့်ရင် မင်းကို ငါကိုယ်တော်တိုင်သတ်မယ်” လို့ပြောပြီး မင်းစည်းစိမ်ကို ပေးလိုက်တယ်။
ထိုအခါ တိဿဟာ မင်းစည်းစိမ်ကို ခံစားရပေမဲ့ ခုနှစ်ရက်ပြည့်ရင် သေခြင်းတရားကြီးကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဘယ်လိုများ ပျော်ရွှင်နိုင်မှာလ၊ဲ ဒီလိုနဲ့ ခုနှစ်ရက်သာကုန်သွားတယ်။ ခံစားခဲ့လိုက်ရတဲ့မင်းစည်းစိမ် ဘယ်လိုနေမှန်းတောင်မသိတော့။ ဒါနဲ့ ခုနှစ်ရက်မြောက်နေ့ရောက်တဲ့အခါ မင်းကြီးက “ ဟဲ့……..တိဿ ဘယ်လိုဖြစ်တာတုန်း ခန္ဓာကိုယ်ကလည်း ခြောက်ကပ်ကပ်နဲ့ ပိန်သွားလိုက်တာ ဘာဖြစ်တာတုန်း” လို့ မေးတဲ့အခါ တိဿက “အရှင်မင်းကြီးက သတ်မယ်ဆိုတော့ဘယ်မှာ ပျော်ရွှင်နိုင်ပါ့မလဲ” လို့ ပြန်ဖြေပါတယ်။ မင်းကြီးက “မှန်တယ်တိဿ..သေခြင်းတရားကို ဆင်ခြင်တော်မူကြတဲ့ ရဟန်းတော်များဟာကောင်းတဲ့ဆွမ်း၊ ကောင်းတဲ့အိပ်ရာတို့ကို သုံးစွဲနေရပေမဲ့ ပျော်ရွှင်နိုင်ဖို့ ခဲရင်းလှပါတယ်” လို့ သေခြင်းတရားနှင့်ပတ်သက်ပြီ့း ညီတော်တိဿကို ပြောလိုက်ပါတယ်။
ဒါကြောင့် ရဟန်းတော်များမှာ လူတွေအနေနဲ့ကြည့်ရင် ဇိမ်နဲ့အေးအေးဆေးဆေး ငြိမ့်ငြိမ့်လေး နေရတယ်လို့ထင်ကြပေလိမ့်မယ်။ တကယ်တော့ ရဟန်းသာမဏေများဟာ အိုနာသေဘေးတွေကို သိမြင်ဆင်ခြင်တော်မူကြရတယ်။ ဒီလို သံသရာ့ဘေးရတက်မအေးကြတဲ့အတွက် ဘေးလွတ်ရာလွတ်ကြောင်း ကမ္မဋ္ဌာန်းနည်းလမ်းကောင်းများကို ကြိုးစားအားထုတ်ကြရပါတယ်။ ငယ်ရွယ်သူရဟန်းသာမဏေများက စွမ်းနိုင်တယ်ဆိုရင် စာပေများသင်အံကျက်မှတ်လေ့လာကြရတယ်။ တတ်မြောက်ကျွမ်းကျင်လာရင်လဲ ပြန်လည်ပို့ချသင်ကြားကြရပြန်ပါတယ်။
ပြန်လည်ပို့ချတဲ့နေရာမှာလဲ လိုအပ်လာပါက ဝေးလံခေါင်သီလှတဲ့ နယ်စပ်တောင်တန်းစတာတွေမှာ ဆင်းရဲစွာ သာသနာပြုကြရပါတယ်။ ၀ိနည်းဥပဒေဆိုတဲ့ဘောင်အတွင်းနေရတဲ့အတွက် ကြိုးတန်းပေါ်လမ်းလျှောက်ရတာထက် အနေခက်လှပါတယ်။ ဆိုလိုတာက ရဟန်းများရဲ့ဘ၀ ဇိမ်မကျဘူးဆိုတာကို သိစေချင်တာပါပဲ။

အပြည့်အစုံသို့ »

သူတော်ကောင်းတို့ပျော်စံရာ

သတ္တလောကကြီးအတွင်း ရှိကြတဲ့လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါစတာတွေဟာ ဘုံဌာနအသီးသီးမှာ အကြောင်းအားလျော်စွာဖြစ်နေကြရ တယ်။ ဖြစ်ပေါ်ရာဘုံဌာနတွေမှာလဲ သတ္တ၀ါတွေဟာ သူ့ဟာနဲ့သူ မွေ့လျော်ပျော်ပိုက်နေကြတယ်။ ဇာတ်တော်ထဲက ဥပရိဒေ၀ီမိဖုရားဆိုရင် သေပီးတဲ့နောက် နောက်ချေးပိုးမအဖြစ်နဲ့တိရစ္ဆာန်ဘုံသွားဖြစ်တယ်။ ဒီဘုံမှာပဲ သူမနောက်ချေးပိုးမဖြစ်ရတာ ပျော်နေပါတယ်။ ထို့အတူ မစင်တွင်းဟာ လူအနေနဲ့ကြည့်ရင် စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပေမဲ့ ပိုးလောက်တွေအတွက် နတ်ဘုံတမျှထင်မှတ်မှားနေဟန်တူပါတယ်။ လူ့ဘုံမှာဆိုရင်လဲ လူတန်းအစားအသီးသီးရှိကြတဲ့အနက် လူယုတ်မာက သူ့ကျင်လည်နေရတဲ့ဘ၀ကို သူပျော်ပိုက်သလို သူတော်ကောင်းများက လဲသူတို့ကျင်လည်ရတဲ့ဘ၀မှာပဲ မွေ့လျော်ပျော်ပိုက်နေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး……..

အခါတစ်ပါးမြတ်စွာဘုရားဟာ နဠေရု အမည်ရှိတဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေတဲ့အခိုက် မဟာရာဒအမည်ရှိတဲ့ အသူရိန်က မြတ်စွာဘုရားအား“မြတ်စွာဘုရား….မြတ်စွာဘုရားရဲ့တပည့်သာဝကတွေဟာ သာသနာတော်မှာ ဘာ့ကြောင့်များ ပျော်မွေးနေနိုင်ကြတာလဲ ဘုရား”လျှောက်ထားပါတယ်။ အသူရိန်ရဲ့စိတ်ထဲမှာ ဘုရားသာသနာဆိုတာ လူတိုင်းမပျော်နိုင်ဘူး၊ အလွန်ကြပ်တည်းတဲ့နေရာဖြစ်တယ်၊ စာပတွေသင်အံကျက်မှတ်လေ့လာတဲ့အလုပ်နဲ့၊ သင်ထားတဲ့အတိုင်း ကျင့်သုံးခြင်းဆိုတဲ့အလုပ်ရယ် ဒီအလုပ်နှစ်ခုပဲရှိတယ်။ ငါတို့အသူရိန်တွေနဲ့ လူနတ်များမှာတော့ ကာမဂုဏ်အာရုံခံစားနေရလို့ ပျော်မွေ့နေတယ်ဆိုတာထားလိုက်တော့ ဘုရားသားတော်ရဟန်းတွေမှာကျတော့ ၀ိနည်းစည်းကမ်းဥပဒေတွေကတင်းကြပ်လွန်းတဲ့အပြင် ကာမဂုဏ်အာရုံတွေကို ကင်းနိုင်သမျှကင်း အောင်နေရတာဆိုတော့ ရဟန်းတော်များ သာသနာတော်မှာ ဘာ့ကြောင့်ပျော်နေကြတာလဲဆိုတာကို သိချင်တာနဲ့ ဘုရားရှင်အား မေးလိုက်ဟန်တူပါတယ်။
ထိုအခါ မြတ်စွာဘုရားက “မဟာရာဒ….မဟာသမုဒ္ဒရာကြီးမှာ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် မဟာသမုဒ္ဒရာအတွင်းမှာ အသူရာတွေပျော်မွေ့နေနိုင်ကြတယ်။ ဒီလိုပါပဲ ငါဘုရားရှင်ရဲ့သာသနာတော်ကြီးဟာလဲ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ငါဘုရားရဲ့တပည့် သား သာဝကတွေ ပျော်မွေ့နေနိုင်ကြတယ်” လို့ မိန့်တော်မူပြီး မဟာသမုဒ္ဒရာရဲ့အံ့ဖွယ်ရှစ်ပါးနဲ့ နိုင်းယှဉ်ကာ ဘုရားရှင်ရဲ့သာသနာတော် အံ့ဖွယ် ရှစ်ပါးအကြောင်းကို မိန့်တော်မူခဲ့ပါတယ်။
(၁)အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာကြီးဟာ ကမ်းစပ်ကစပြီး အစဉ်အတိုင်း တဖြေးတဖြေးနဲ့နက်ရှိုင်း နက်ရှိုင်းပီးတော့သွားတယ်။ ဒါဟာ သမုဒ္ဒရာရဲ့ပထမ အံ့ဖွယ်တစ်ပါးပါပဲ။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဒါန၊သီလ၊သမထ၊၀ိပဿနာပညာစတာတွေဟာ တဖြေးဖြေးနက်ရှိုင်းနက်ရှိုင်းသွားပါတယ်။ နားလည်အောင်ပြောရရင် လူတွေမှာ သီလဆောက်တည်ကျင့်သုံးတယ်ဆိုတာ ယုံကြည်မှုသဒ္ဓါရှိလို့ပါ။ သဒ္ဓါတရားမှလဲ ပညာမပါတဲ့ယုံကြည်မှု ကို ‘ပသာဒသဒ္ဓါ’ လို့ခေါ်တယ်။ ဒီယုံကြည်မှုကနေ အဆင့်မြင့်တဲ့ သြကပ္ပနသဒ္ဓါဆိုတဲ့ ပညာပါတဲ့ယုံကြည်မှုမျိုးဖြစ်လာတယ်။ ပီးတော့ အာဂမသဒ္ဓါ..တဲ့၊သူက ဘုရားအလောင်းသူတော်ကောင်းတို့မှာသာဖြစ်လေ့ရှိတဲ့သဒ္ဓါမျိုးပါ။ နောက်ဆုံးသဒ္ဓါတရားကျတော့ မဂ်ဖိုလ်နိဗ္ဗာန် မျက် မှောက်ပြုပြီး ရတနာသုံးတန်ကံနဲ့ကံအကျိုးကိုချွင်းချက်မရှိ ယုံကြည်မှုခိုင်မြဲသွားတဲ့ ‘အဓိဂမသဒ္ဓါ’ဖြစ်တယ်။ ဒီလိုပဲ လူတွေမှာသဒ္ဓါတရားဟာ တဖြေးဖြေးနဲ့ အဆင့်မြင့်ပြီး နက်ရှိုင်းနက်ရှိုင်းပြီးတော့သွားတယ်။
နောက်တစ်ခုက သီလသာသနာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ ငါးပါးသီလ၊ရှစ်ပါးသီလ၊ကိုးပါးသီလ၊ဆယ်ပါးသီလ ဒါက လူတွေကျင့်သုံးသင့်တဲ့သီလတွေပါ။ သာမဏေများကျင့်သုံးသင့်တဲ့သာမဏေသီလ၊ ရဟန်းသီလဆိုပြီး ငါးပါးသီလကနေ၊ ရဟန်းသီလတိုင် အောင် တဖြေးဖြေး အဆင့်မြင့်လာတာဟာ သီလသာသနာကြီးနက်ရှိုင်းနက်ရှိုင်းလာခြင်းပါ။ ဒီနေရာကြုံတုန်းပြောရအုံးမယ်။ သီလဆိုတာ သူ့နယ်ပယ်နဲ့သူစောင့်ထိန်းရပါတယ်။ လူအဖြစ်နဲ့ သာမဏေသီလ သွားကျင့်လို့မရသလို၊ လူအဖြစ်နဲ့ ရဟန်းသီလ သွားကျင့်လို့မရပါဘူး။ တစ်ခါက လူပုဂ္ဂိုလ်ဆရာကြီးတစ်ဦး လူအဖြစ်နဲ့ ရဟန်းသိက္ခာပုဒ်ကို ကျင့်သုံးတယ်ဆိုတာ ကြားလိုက်ရတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ သတိထားသင့်တဲ့အကြောင်း ပြောရခြင်းဖြစ်ပါတယ်။
သီလနဲ့စပ်လို့ ရှစ်ပါးသီလ ဆိုတာ ယနေ့ ပရိသတ်များ ဆောက်တည်နေကြတဲ့ဥပုသ်သီလဖြစ်တယ်။ ဒီသီလနဲ့စပ်ပြီး ဒကာမတစ်ဦးက သနပ်ခါးလိမ်းပြီး သီလယူရင် အပြစ်ရှိ-မရှိ မေးဖူးပါ တယ်။
ရှစ်ပါးသီလမှာ ဌာနာ စကားလုံးပါတဲ့ သိက္ခပုဒ်နှစ်ခုရှိတယ်။ ဒါက အကုသိုလ်ဖြစ်နိုင်တဲ့အကြောင်းသာရှိပါသေးတယ်။ ဒါကြောင့် သနပ်ခါးလိမ်းစဉ်မှာလဲ အပြစ်မရှိပါ၊ သနပ်ခါးလိမ်းပြီး သီလယူတဲ့အချိန်မှာလဲ အပြစ်မရှိသေးပါ။သီလယူပြီးရင်သာ အပြစ်ရှိတာပါ။ဒါကြောင့် မလွဲမရှောင်သာလို့ သနပ်ခါးလိမ်းပြီး သီလာယူတယ်ဆိုရင် သီလယူပြီးတဲ့အခါမှာ မျက်နှာက သနပ်ခါးကို ဖျက်ပစ်လိုက်ဖို့ပါပဲ လို့ သီလနဲ့စပ်တဲ့ အဖြေကို ဖြေခဲ့ရပါသေးတယ်။ ပီးတော့ ရှစ်ပါးသီလကနေ တဆင့် နက်ရှိုင်းသွားတာ ဘယ်ရောက်တုန်းဆိုတော့ ကိုးပါးသီလဆိုတာရှိသေးတယ်။ ကိုးပါးသီလနဲ့စပ်ပြီး တကယ်တန်းစစ်ကြည့်ရင် ရှစ်ပါးသီလကတော့ သီလပါပဲ။ သူကကိုယ်နဲ့နှုတ်ကို စောင့်ထိန်းတာပါ။ မေတ္တာဘာဝနာကျတာ့ စိတ်နဲ့ပွားရတဲ့အတွက် သီလမဟုတ်ပါဘူး။ သိထားရမှာက ရှစ်ပါးသီလခံယူပြီး မေတ္တာနဲ့နေမယ်လို့ ဆိုလိုက်တာပါပဲ။ ဒါကို ခေါ်ရလွယ်အောင်ဆိုပြီး ကိုးပါးသီလ လို့ဆိုလိုက်ခြင်းဖြစ်ပါတယ်။
ဒီလိုပါပဲ သီလများလဲ တဖြေးဖြေးအဆင့်မြင့် နက်ရှိုင်းလာသလို သမာဓိတရားလဲ ဥပစာရသမာဓိ၊အပ္ပနာသမာဓိ၊ ပဌမဈာန်၊ဒုတိယဈာန်စလို့ တဖြေးဖြေးနက်ရှိုင်းလာတာတွေ့ရတယ်။ ဒီကနေတဆင့် ၀ိပဿနာပညာ၊မဂ်ပညာ၊ဖိုလ်ပညာ၊ သောတာပန်၊သကဒါ ဂါမ်၊အနာဂါမ်၊ရဟန္တာတိုင်အောင် တဖြေးတဖြေးနဲ့နက်ရှိုင်းလာတယ်။ တရားများကျင့်သုံးပြီး တဖြေးဖြေးနက်ရှိုင်းလာကြတဲ့အတွက် ဘုရားသား တော်ရဟန်း၊သာမဏေများဟာ သာသနာတော်မှာ ပျော်မွေ့နေကြပါတယ်။
(၂)ကမ်းကိုမလွန်
မဟာသမုဒ္ဒရာကြီးရဲ့ရေများဟာ မိုးများတဲ့အတွက် ရေတွေ ကမ်းစပ်အထက်သို့လွန်သွားတယ်ဆိုတာမရှိပါဘူး။ ဒါဟာ ဒုတိယမြောက် မဟာသမုဒ္ဒရာကြီးရဲ့အံ့ဖွယ်တစ်ပါးဖြစ်ပါတယ်။ ဒီလိုပါပဲ ဘုရားသားတော်ရဟန်း၊သာမဏေများဟာ ငါဘုရားပညတ်ထာတဲ့သီလကို လွန်ပြီးတော့ မကျင့်ကြဘူး၊ သီလမချိုးဖေါက် ကြပါဘူး။ သီလကိုလွန်ပြီးတော့ မကျင့်ဘူး။ အသက်ဆိုတဲ့အကြောင်းကြောင့် သီလလပျက်တယ်လို့မရှိပါ။ ဘုရားရှင်လက်ထက်တော်က ခိုးသားများဟာ သူတို့နေထိုင်တဲ့တောထဲကို ရဟန်းတော်တစ်ပါး ရောက်လာတယ်။ အဲဒီမှာသူခိုးခေါင်းဆောင်က ဒီရဟန်းကို ပန်လွတ်လိုက်ရင် ငါတို့တောအုပ်မှာရှိကြောင်း သတင်းပေါက်ကြားသွားနိုင်တယ်။ ဒါကြောင့်ရဟန်းကို နှုတ်ပိတ်တဲ့အနေနဲ့ နွယ်ကြိုးတစ်ချောင်းနဲ့လက်ကိုတုတ်ပြီး ဖမ်းထားလိုက်ပါတ်ယ်။ သူခိုးတွေလဲ ဒီနေရာမနေတော့ပဲအခြားနေရာကို ထွက်သွားပါတယ်။ မကြာမီ တောမီးလောင်ပါတယ်။ရဟန်းတော်ဟာ တုတ်ထားတဲ့ကြိုးကိုဖြတ်ပြီး မီးလွတ်ရာပြေးရင် အသက်ချမ်းသာနိုင်တယ်။ဒါပေမဲ့နွယ်မြက်က ရှင်သန်ဆဲရှိနေတဲ့အတွက် ရဟန်းတော်ဟာ ရှင်သန်နေတဲ့နွယ်ကြိုးကို ဖြတ်မယ်ဆိုရင် ပါစိတ်အာပတ်သင့်မယ်။ ငါအာပတ်တော့အသင့်မခံဘူး။ သေချင်သေပါစေ လို့တွေးပြီးနေလိုက်တယ်။ မကြာခင်မှာပဲ ရဟန်းတော်လေးဟာ တောမီးကြီးရဲ့ဝါးမျိုမှုကိုခံလိုက်ရတဲ့အတွက် ပျံတော်မူရရှာပါတယ်။ ဒါဟာ အသက်ဆိုတဲ့အကြောင်းကြောင့် သီလအပျက်မခံတာပါပဲ။ ဒါကြောင့်လဲ သာသနာတော်တွင်းမှာ ရဟန်းသာမဏေ များ ပျော်မွေ့နေနိုင်ကြပါတယ်။
(၃)ရွံဖွယ်ဆယ်ပစ်
မဟာသမုဒ္ဒရာကြီးအတွင်းမှာ ရွံ့ဖွယ်ဖြစ်တဲ့ကောင်ပုပ်တွေ အမှိုက်သရိုက်တွေရှိနေမယ်ဆိုရင် ထိုအသေကောင်ပုပ်၊ အမှိုက်သရိုက် များကို သမုဒ္ဒရာလှိုင်းလုံးတွေက ကမ်းပေါ်ရောက်အောင် ရိုက်ခတ်လိုက်ကြတဲ့အတွက် သမုဒ္ဒရာကြီးဟာ သန့်ရှင်းနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ တတိယမြောက် အံ့ဖွယ်တစ်ပါးဖြစ်တယ်။ ဒီလိုပါပဲ ဘုရားရှင်ရဲ့သာသနာတော်တွင်းမှာလဲ ဒုဿီလဆိုတဲ့အကျင့်ပျက်တဲ့ ပုဂ္ဂိုလ်တွေရှိနေရင် သာသနာတွင်းမှာနေရတော့ပါ။ ပါရာဇိကလေးပါးအနက်တစ်ပါးပါးနဲ့ ငြိစွန်းသူဟာ သာသနာမှာမနေရတော့ဘူး။ လူထွက်ရပါ တယ်။ တကယ်လို့လူမထွက်ရင်လဲ သင်္ကန်းဝတ်ထားပေမဲ့ အော်တိုမစ်တစ်လူဖြစ်သွားပါပြီ။ ဒါကြောင့်သာသနာမှာ သီလရှိတဲ့ရဟန်းသာမဏေ များသာ နေကြရတယ်။ တစ်ခါက ပါဋိလိပုတ်ပြည့်ရှင် ဘုရင်အာသောကမင်းဟာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အကူအညီဖြင့် သာသနာအတွင်း အုတ်ရောရော၊ ကျောက်ရောရောဖြစ်နေတဲ့၊ အယူဝါဒကွဲများ၊ရဟန်းအတုယောင်များကို လူထွက်စေရာ သာသနာသန့်ရှင်းခဲ့ ပါတယ်။ မြန်မာသက္ကရာဇ်၃၇၉ခုနှစ်၊ ဘုရင်အနော်ရထာမင်းဟာ ရှင်အရဟံအကူအညီကိုယူကာ အရည်းကြီးများကို ဖယ်ရှားပြီး ဘုရားသာသနာ တော်ကြီးကို သန့်ရှင်းစေခဲ့ပါတယ်။၁၃၄၂ခုနှစ်၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးကြီးမှာ ၀ိဝါဒမတူညီတဲ့ရဟန်းသာမဏေများကို ဖယ်ရှားလူထွက်စေကာ သာသနာတော်ကြီးသန့်ရှင်းအောင်ပြုလုပ်ခဲ့တယ်။ဒါကြောင့်လဲ သန့်ရှင်းတဲ့ဘုရားသာသနာတော်ကြီးအတွင်းမှာ အကျင့် သီလရှိတဲ့သူများသာ ပျော်မွေ့နေနိုင်ကြပါတယ်။
(၄)တစ်မည်ဖြစ်ခြင်း
ဧရာဝတီမြစ်ကရေကို ဧရာဝတီမြစ်ရေလို့ခေါ်ကြတယ်။ အခြားသောမြစ်ကရေတွေဆိုရင်လဲ အခြားမြစ်ရဲ့နာမည်နဲ့ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီမြစ်အသီးသီးကစီးဆင်းလာတဲ့မြစ်ရေတွေဟာ မဟာသမုဒ္ဒရာအတွင်းရောက်သွားတယ်ဆိုရင် မဟာသမုဒ္ဒရာရေ လို့ အမည်တစ်မျိုးပဲ ရပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ စတုတ္ထမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သူဌေးသား၊ဆင်းရဲသား၊ကုန်သွယ်လူတန်းစားမျိုးစုံက အမျိုးကောင်းသားများဟာ ရဟန်းသာမဏေဖြစ်လာကြပြီဆိုရင် သာကီဝင်မင်းသားဘုရားသားတော် ရဟန်းတော် တို့ဆိုပြီး အမည်တစ်မည်သာ ရပါတယ်။
(၅)မယွင်းမတိုး
မဟာသမုဒ္ဒရာကြီးဟာ မိုးများစွာ ရွာသွန်းလို့လဲ ပြည့်လျှံခြင်းမရှိသလို မိုးခေါင်လို့လဲ လျော့ကျသွားခြင်းမရှိပါဘူး။ ဒါဟာ မဟာသမုဒ္ဒ ရာကြီးရဲ့ ပဉ္စမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ရှေးရှေးဘုရားအလောင်း အရိယာသူတော်ကောင်းများ မရေမတွက်နိုင်အောင် နိဗ္ဗာန်စံဝင်သွားကြပေမဲ့ နိဗ္ဗာန်ဟာ ဘယ်သောအခါမှ ပြည့်လျှံသွားတယ်ဆိုတာမရှိသလို နိဗ္ဗာန်စံဝင်မဲ့သူနည်းပါးပေမဲ့လဲ နိဗ္ဗာန်ဟာ လျော့သွားခြင်းမရှိပါဘူး။
(၆)ဆယ်မျိုးရတနာ
မဟာသမုဒ္ဒရာကြီးရဲ့အလယ်ဗဟို အနက်ရှိုင်းဆုံးနေရာ သမုဒ္ဒရာရေအောက်ကြမ်းပြင်မှာ ရတနာဆယ်မျိုးတို့ စုဝေးတည်ရှိနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ ဆဋ္ဌမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ဒီလိုပါပဲ ဘုရားသာသနာတော်အတွင်းမှာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ဘုရားရတနာ၊ တရားတော်ရတနာ၊သံဃာတော်ရတနာများ စုဝေးတည်ရှိနေပါတယ်။
(၇)ရသာဆားတူ
မြစ်ချောင်းများကရေများဟာ အရသာမျိုးမျိုးရှိကြတယ်။ဒါပေမဲ့ မဟာသမုဒ္ဒရာရေကတော့ ငံတဲ့အရသာတစ်မျိုးသာရှိတယ်။ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ သတ္တမမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်းဆိုတဲ့ ၀ိမုတ္တိရသတစ်ပါး သာလျှင် ရှိပါတယ်။
(၈) ကြီးသူနေရာ
မဟာသမုဒ္ဒရာကြီးအတွင်းမှာ ကြီးမားတဲ့ငါးကြီးတွေ၊နဂါးတွေ၊ဂန္ဓဗ္ဗနတ်တွေသာနေထိုင်ကြပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာရဲ့အဋ္ဌမ မြောက် အံ့ဖွယ်ဖြစ်ပါတယ်။ဒီလိုပါပဲ ဘုရားရှင်သာသနာတော်အတွင်းမှာလဲ သောတပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဆိုတဲ့အရိယာပုဂ္ဂိုလ်များ သာ နေထိုင်တော်မူနိုင်ကြပါတယ်။
မဟာသမုဒ္ဒရာကြီး အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် အသုရာတွေဟာ မဟာသမုဒ္ဒရာအတွင်း ပျော်မွေ့နေနိုင်ကြတယ်။ ဒီလိုပါပဲ၊ ဘုရားသာသနာတော်ကြီးဟာ ဖေါ်ပြခဲ့ပြီးတဲ့အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ရဟန်းသာမဏေများ သာသနာတော်အတွင်း ပျော်မွေ့နေနိုင် ကြတယ်။ ဒါကြောင့် သာသနာတော်ကြီးဟာ အရိယာသူတော်ကောင်းတို့ရဲ့ပျော်စံရာ ဗိမာန်ကြီးလို့ တင်စားရေးသားလိုက်ရပါတော့တယ်။
မှတ်ချက်။ ။သမုဒ္ဒရာကြီးအံ့ဖွယ်ရှစ်ပါးနဲ့လျော်အောင် သာသနာ့အံ့ဖွယ်ရှစ်ပါးရှိတယ်ဆိုပေမဲ့ တကယ်တော့ သာသနာတော်ကြီးရဲ့ အံ့ဖွယ်များဟာ ရှစ်ပါးမကတဲ့အပြင် တစ်နှစ်သုံးလေး ဂဏန်းရေးလို့တောင်မှမရ၊ ရေတွက်လို့မရနိုင်တဲ့ အံ့ဖွယ်တွေ နဲ့ပြည့်စုံနေပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
ဦးကောဝိဒ(မြိတ်)

အပြည့်အစုံသို့ »

ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ

အမေး။ ။အရှင်ဘုရား….အသက်ထင်ရှားရှိနေတဲ့တပည့်တော်မိဘများအတွက် ကျောင်းဆောင်တစ်ခု အလှူလုပ်ပေးမယ်ဆိုရင် ကုသိုလ်ဘယ် လောက်ရနိုင်သလဲဘုရား၊ တကယ်လို့ အမိအဘများထင်ရှားမရှိတော့တဲ့အချိန်မှာရော ကုသိုလ်ဘယ်လောက် ရနိုင်ပါ သလဲဆိုတာ ဖြေကြားပေး တော်မူပါဘုရား။ ။
မျိုးမင်းထွန်း
မြိတ်

အဖြေ။ ။သားသမီးများက မိဘများကုသိုလ်ရရေးအတွက် ကြိုးပမ်းပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုဖြစ်သလို “မာတာပီတုဥပဋ္ဌာနံ” ဆိုတဲ့မင်္ဂလသုတ်တော်လာအတိုင်း မြတ်တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။
အလှူဒါနလုပ်တဲ့အခါ မိဘများက အသက်ထင်ရှားရှိတာက တစ်ပိုင်း၊ ထင်ရှားမရှိတော့တဲ့အခါမှတစ်ပိုင်း ဆိုပြီး နှစ်ပိုင်းခွဲဖြေရမှာဖြစ် တယ်။ အမေးက နည်းနည်းပေမဲ့ သဘောပေါက်အောင်က အကျယ်တ၀င့်ရှင်းလင်းမှရမှာဖြစ်တယ်။
မေးခွန်းရှင်က ကုသိုလ်ရဲ့အကျိုးအမြတ်များများရချင်တဲ့ ဆန္ဒရှိပုံပါပဲ။ ကိုယ်လုပ်လိုက်တဲ့အလုပ်ရဲ့အကျိုးအမြတ် အများကြီးလိုချင်တာ လူသာတိုင်းရဲ့ဆန္ဒပါပဲ။ ဒါကြောင့် အမြတ်များများရနိုင်တဲ့ အလှူဒါနပြုလုပ်နည်းတစ်ခုပြောပါ့မယ်။
ဘုရားရှင်လက်ထက်တော်က ဘုရားရှင်ဟာ သ၀တ္ထိ၊ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အခိုက် ဝေဠုကဏ္ဍကီမြို့မှာ နန္ဒမာတာ ဆိုတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ သူမရဲ့အိမ်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်အမှူးရှိတဲ့နောက်ပါ သံဃာတော်များစွာကို အိမ်ပေါ်ပင့်ပြီး ဆွမ်းကုသိုလ်ဒါနပြုနေပါတယ်။ ဒီအခြင်းအရာကို ဘုရားရှင်က သာဝတ္ထိ၊ဇေတ၀န်ကနေ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့မြင်တော်မူပါတယ်။
ဘုရားရှင်မြင်တော်မူလိုက်တာက ထူးခြားတာတစ်ခုရှိတယ်၊ နန္ဒမာတာပြုလုပ်နေတဲ့ အလှူဒါနဟာ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူ ဖြစ်တယ်။ဒီအလှူဒါနဲ့ရဲ့အကျိုးရလာဒ်ဟာ မရေမတွက်နိုင်တဲ့အကျိုးတွေ ရနိုင်တယ်။ ဥပမာ ပင်လယ်ထဲကရေများကို ဘယ်နှစ်ပီပါ၊ဘယ်နှစ်ဂါလံ လို့ ရေတွက်လို့မရစေကောင်းသလို နန္ဒမာတာပြုလုပ်တဲ့အလှူအကျိုးဟာ ပင်လယ်ရေများသလိုပဲ မရေမတွက်နိုင်အောင် အကျိုးများရနိုင်တယ်ဆို တာကို ဘုရားရှင်က မြင်တော်မူတယ်။ ဒီအကြောင်းကို ဘုရားရှင်က ဇေတ၀န်ကျောင်းက တရားနာပရိသတ်ကို ဟောတော်မူခဲ့ပါတယ်။ ဒိသုတ္တန်ရဲ့နာမည်က “ဒါနသုတ္တံ” လို့ခေါ်ပါတယ်။ နားလည်အောင်တိုကျဉ်းလိုရင်းပြောပါ့မယ်။
နန္ဒမာတာရဲ့အလှူပြုနည်းက…..ဒါနတစ်ခုမှာ အလှူပေး၊ အလှူခံ ဆိုတာရှိတယ်။ အလှူပေးတဲ့သူမှာ အင်္ဂါသုံးပါး ပြည့်စုံရပါမယ်။ ထို့အတူ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါးနဲ့ပြည့်စုံရပါမယ်။ နှစ်ခုပေါင်းလိုက်တော့ အင်္ဂါခြောက်ပါးပေါ့။ဒါကို အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူဒါနလို့ ခေါ်ပါတယ်။
အလှူပေးတဲ့သူရဲ့အင်္ဂါသုံးချက်ဆိုတာက….စေတနာသုံးတန်ပါပဲ၊ ရှင်းပါအုံးမယ်။ အလှူတစ်ခုမပြုလုပ်ခင် အလှူအတွက် ၀မ်းမြောက် ၀မ်းသာဖြစ်နေရပါမယ်။ လှူဆဲမှာလဲ ၀မ်းမြောက်ကျေနပ်နေရမယ်၊ လှူပီးနောက်ပိုင်းမှာလဲ ပြန်လည်တွေးတောပြီး ၀မ်းမြောက်ကျေနပ်နေရပါမယ်၊ ဒါဆိုရင် အလှူပေးသူမှာ အင်္ဂါသုံးပါးပြည့်စုံသွားပါပြီ။
သားသမီးများက မိဘအတွက်အလှူပြုလုပ်ပေးတဲ့အခါမှာ မိဘများက အထက်ပါအင်္ဂါသုံးချက်နဲ့ပြည့်စုံဖို့လိုတယ်ဆိုတာ သတိထားစေ ချင်ပါတယ်။ မလှူမီမှာဝမ်းမြောက်ကျေနပ်ဖို့အတွက် သားသမီးဖြစ်သူက အမိအဘများကို ပြုလုပ်မဲ့အလှူနဲ့စပ်ပြီး ၀မ်းမြောက်ကျေနပ်မှုရှိအောင် ပြောပေးရပါမယ်။ အလှူပေးနေတုန်းမှာလဲ အလှူရဲ့မြင်ကွင်းကို မိဘများမြင်သာအောင် ကြည့်ခိုင်းရပါမယ်။ တကယ်လို့ မလာနိုင်လို့အိမ်မှာဆိုရင် တော့ မိဘအနားနေသူတစ်ယောက်က ဒီအချိန်ဆို အလှူပြုလုပ်နေပါပြီ စသဖြင့် ၀မ်းမြောက်ဖွယ်ဖြစ်အောင်ပြောပေးရပါမယ်။ အလှူပီးတဲ့ အခါမှာ အလှူလုပ်ခဲ့တဲ့အခြင်းအရာကို မိဘများသတိရအောင် မကြာခဏဆိုသလို ပြောဆိုပေးခြင်းဖြင့် မိဘများဝမ်းသာကျေနပ်မှုရှိနေရပါမယ်။ ဒီနေရာမှာတစ်ခုသတိထားဖို့က လှူပီးတဲ့နောက် အမြဲတမ်းဝမ်းမြောက်စေနိုင်ဖို့အတွက် မိမိအလှူဟာ ‘အ’ တဲ့အလှူမဖြစ်ဖို့အရေးကြီးပါတယ်။ နားလည်အောင်ပြောအုံးမယ်။ ‘အ’တဲ့အလှူဆိုတာက ကျောင်းဆောင်တစ်ခုလှူလိုက်တယ်ဆိုပါစို့ ကိုယ်လှူထားတဲ့ကျောင်းကို အလှူခံပုဂ္ဂိုလ်များ ကအသုံးမပြုဘဲ တစ်နှစ်ပတ်လုံး သောခတ်ထားမယ်ဆိုရင် ဒီကျောင်းအလှူအပေါ်မှာ ဘယ်နည်းမှ အလှူရှင်ဟာ ၀မ်းမသာနိုင်ရှာတော့ဘူး။ ဒါကို ‘အ’ တဲ့အလှူလို့ခေါ်တာပါ။ ဒါကြောင့် ကိုယ်လှူမဲ့ကျောင်းဆောင်ဟာ အလှူခံပုဂ္ဂိုလ်များအတွက် တကယ်အသုံးဝင်တဲ့ကျောင်းဖြစ်ဖို့လိုတယ်။ ဒါမှ ‘မအ’ တဲ့အလှူဖြစ်သွားပါပြီ။
ဒီလိုပါပဲ အလှူပေးတဲ့သူမှာ စေတနာသုံးတန်နဲ့ပြည့်စုံတဲ့အတွက် ဒီအလှူဟာ မရေမတွက်နိုင်တဲ့အကျိုးတွေကို ရရှိနိုင်ပါတယ်။ တစ်ခုပြောစရာရှိတာက မိဘများသက်ရှိထင်ရှားရှိနေစဉ်မှာသာ အလှူလုပ်ပေးရင် အလှူရဲ့အကျိုးရဖို့ သေချာပါတယ်။ မိဘများကွယ်လွန်သွားမှ ပြုလုပ်ပေးမယ်ဆိုရင်တော့ မိဘများရမှန်း၊မရမှန်းမသိနိုင်တဲ့အတွက် မသေချာဘူးလို့ပဲပြောရပါမယ်။ မိဘများအသက်ထင်ရှားရှိစဉ် အထက်က ဆိုခဲ့တဲ့အတိုင်းအောင်မြင်စွာ အလှူပြုလုပ်ထားခဲ့တဲ့အတွက် မိဘများမှာကုသိုလ်ရပြီးဖြစ်တဲ့အတွက် နောက်ကွယ်လွန်သွားသော်လဲ ဒီကုသိုလ်က ဘ၀သံသရာပါသွားပါမှာဖြစ်တယ်။ ဒါဆိုရင် အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က သဘောရှင်းလောက်ပါပြီ။
အလှူခံပုဂ္ဂိုလ်အင်္ဂါသုံးချက်ကိုလဲ ထည့်သွင်းပြောပြရပါအုံးမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ လောဘ၊ဒေါသ၊မောဟ ကင်းနေတဲ့ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ရမယ်။ တကယ်လို့ ရဟန္တာမဟုတ်သေးဘူးဆိုရင် လိုချင်မှုလောဘနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ မခံသာမှုဒေါသနည်းအောင်ကျင့် နေတဲ့ပုဂ္ဂိုလ်၊ အမှန်အတိုင်းမသိတဲ့မောဟနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါက အလှူလက်ခံမဲ့ အလှူခံပုဂ္ဂိုလ်မှာ ပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။
ဒီလို လောဘ၊ဒေါသ၊မောဟ နည်းအောင်ကျင့်နေတဲ့အလှူခံပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုလဲ အလှူပေးတဲ့သူက သိထား ရမှာဖြစ်တယ်။ဒီအတွက် ဥပမာတစ်ခုပြောမယ် ရွှေစစ်မစစ်ဆိုတာကို မှတ်ကျောက်တင်စစ်ဆေးက သိရှိနိုင်သလို အလှူခံပုဂ္ဂိုလ်ကိုလဲ တိုင်းတာရပါမယ်။ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာမှာ စက္ခုပါလမထေရ်က “အရှင်ဘုရား…သာသနာမှာနေရင် ဘယ်လိုတာဝန်တွေ ထမ်းရပါ့မလဲဘုရား” လို့ ဘုရားရှင်အား မေးလျှောက်ဖူးပါတယ်။ ဘုရားရှင်က စာပေများကိုသင်အံ၊ပို့ချခြင်းဆိုတဲ့ ဂန္ထဓူရနဲ့ စာပေလာအတိုင်း အားထုတ်ရတဲ့ ၀ိပဿနာဓူရဆိုပြီး တာဝန် နှစ်ခုရှိတယ်၊ ဒီနှစ်ခုအနက်က တစ်ခုခုကို ပြုလုပ်နေရပါမယ်လို့မိန့်တော်မူပါတယ်။ဒါကြောင့် လောဘစတာတွေနည်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာ သာသနာ့တာဝန်နှစ်ရပ်က တစ်ခုခုကို ပြုကျင့်နေတဲ့သူဖြစ်ရမယ်။ တကယ်လို့ ဒီနှစ်ခုကလွဲ မသင့်လျော်တဲ့အလုပ်တွေလုပ်နေမယ်ဆိုရင်တော့ လောဘစတာတွေ တိုးပွားနေတော့မှာဖြစ်တယ်။ တစ်ချို့ကသာသနာဝန်ထမ်းရဟန်း သာမဏေပြုလုပ်နေပြီး ဗေဒင်၊ဆေးကု၊ချဲဂဏန်းပေး၊ ဘောလုံးပွဲလောင်း၊ ဓါတ်ရိုက်၊ယတြာစတဲ့ မလျော်တဲ့အလုပ်တွေနဲ့ အချိန်ကုန်နေတာ ရှိပါတယ်။ ဒါကြောင့် အလှူတစ်ခုလုပ်တယ်ဆိုရင် ကိုယ်ပေးလှူမဲ့အလှူခံပုဂ္ဂိုလ်ကို ကြည့်ရပါမယ်။
အချူပ်ပြောရရင် ပေးလှူသူက အင်္ဂါသုံးပါး၊ အလှူခံပုဂ္ဂိုလ်က အင်္ဂါသုံးပါး ပြည့်စုံတဲ့အလှူဒါနမျိုးဟာ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ခေါ်ပါတယ်။ အဲဒီအလှူရဲ့အကျိုးဟာ မရေမတွက်နိုင်တဲ့အကျိုးကို ရရှိမှာဖြစ်တယ်ပါတယ်။
အရေးကြီးတာတစ်ခုကျန်သေးတယ်။ တကယ်လို့ မေးခွန်းရှင်က အလှူရဲ့အကျိုး ဘယ်လောက်ရမလဲဆိုတာကို အကျိုးမျှော်ပြီး လှူဒါန်း ရင် မိမိမှာ အရနည်းတတ်တယ်။ ဒါနဲ့ပတ်သက်ပြီး အင်းဝခေတ်က ဆရာတော်ဦးဗုဓ် ဆိုတာကြားဖူးကြမှာပါ။ ဆရာတော်ကြီးကို ကိုးကွယ်နေတာ က နန်းမတော်မယ်နုဖြစ်တယ်။ အခုအချိန်အထိ အင်းဝမြို့ဟောင်းမှာ မယ်နုအုတ်ကျောင်းဆိုတာ ရှိသေးတယ်။ ဒီအုတ်ကျောင်းကြီးကို နန်းမတော် မယ်နုက ဆရာတော်ဦးဗုဓ်ကို လှူခဲ့တာပါ။ တစ်နေ့တော့ နန်းမတော်မယ်နုက ဆရာတော်ဦးဗုဓ်ထံလာရောက်ကာ သူပြုခဲ့တဲ့အလှူများအတွက် အကျိုးဘယ်လောက်ရနိုင်တယ်ဆိုတာကို မေးဖူးပါတယ်။ ဒီအခါ ဆရာတော်က နန်းမတော်မယ်နုကို ဖလားတစ်လုံးထဲ ရေအပြည့်ထည့် စေပါတယ်။ ပီးတော့ ဖလားထဲကရေတွေကို ကျောင်းအောက်မှာ သွားအသွန်ခိုင်းပါတယ်။ ဖလားထဲကရေများသွန်အပြီး ကျောင်းပေါ်ပြန်တက်လာတဲ့နန်းမတော်မယ်နုအား သင်လုပ်တဲ့ကောင်းမှုအကျိုးဟာ ဖလားထဲမှ အနည်းငယ်သာ ပြန်ပါလာတဲ့ရေလောက်သာ အကျိုးရရှိမယ်လို့ပြောလိုက်တယ်။ ဒါကဘာသဘောလဲဆိုရင် အကျိုးဘယ်လောက်ရမယ်ဆိုတာကို အကျိုးမျှော်ပြီး လှူရင် အကျိုး အရနည်းပါတယ်။ အလှူရဲ့အကျိုးကို မမျှော်ဘဲ အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ကြည့်ပြီး လှူဒါန်းရင် ဖလားထဲရေပြည့်နေသလို အကျိုးလဲများများရရှိနိုင်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

အပြည့်အစုံသို့ »

မနာလိုတာနဲ့သ၀န်တိုတာအတူတူလား

မနာလိုတာနဲ့ဝန်တိုတာအတူတူလား
အမေး။ ။မနာလိုတာနဲ့သ၀န်တိုတာ အတူတူပဲလားဆိုတာ သိချင်ပါတယ်ဘုရား၊ ပီးတော့ မနာလိုတာတွေက ဘာ့ကြောင့်ဖြစ်ရတာပါလဲဘုရား။ ဒီမနာလိုတာတွေ ဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာလဲ သိချင်ပါတယ်၊ ဂရုဏာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေး
အဖြေ။ ။ သိန်းသိန်းမြင့်မေးလိုက်တဲ့အမေးက…
(၁) မနာလိုတာနဲ့သ၀န်တိုတာ အတူတူလား။
(၂) မနာလိုတာတွေက ဘာကြောင့်ဖြစ်ရတာလဲ။
(၃) မနာလိုတာတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲ ဆိုပီး သုံးခုဖြစ်တယ်။ ပထမတစ်ခုကိုအရင်ဖြေပါ့မယ်။

(၁) မနာလိုတာနဲ့ သ၀န်တိုတာ အတူတူ မဟုတ်ပါဘူး။ မနာလိုခြင်းဆိုတာက သူတစ်ပါးကောင်းစားနေတာကို မနာလိုတဲ့သဘောကို ပြောတာပါ်။ ဒါကိုပဲ ပါဠိလို ဣဿာ လို့ခေါ်ပါတယ်။ သ၀န်တိုတယ်ဆိုတာ တကယ်တော့ ၀န်တိုတာကို ပြောတာဖြစ်တယ်။ ၀န်တိုတယ်ဆိုတာ မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ပစ္စည်းများ သူတစ်ပါးကို ပေးရမှာ နှမြောတွန့်တိုတဲ့သဘော ပြောတာပါ။ ဒါကိုပဲ ပါဠိလို ‘မစ္ဆရိယ’ လို့ခေါ်ပါတယ်။ နားလည်အောင်အကျယ်ရှင်းပြပါအုံးမယ်။
မနာလိုမှု
ဣဿာဆိုတဲ့ မနာလိုမှုဟာ ပရသမ္ပတ္တိဥဿူယနလက္ခဏာ= သူတစ်ပါးရဲ့ပြည့်စုံတာ ကောင်းစားချမ်းသာတာကို ငြူစူခြင်း သဘောလက္ခဏာရှိပါတယ်။ သူတစ်ပါးကောင်းစားချမ်းသာတာကို အလိုမရှိတဲ့အတွက် သူတစ်ပါးကို ရန်မူချင်တယ်။သူတစ်ပါးစည်းစိမ်ချမ်းသာကိ ဖျက်ဆီးပစ်ချင်တယ်။ ဒီလိုမနာလိုတဲ့စိတ်ဖြစ်နေရင် ကိုယ့်မှာလဲ ဆင်းရဲတယ်။ထို့အတူ မနာလိုတဲ့သူက နှောက်ယှက်ဖျက်ဆီးတဲ့အတွက်ကြောင့် စီးပွားဥစ္စာပြည့်စုံတဲ့သူမှာလဲ ဆင်းရဲဒုက္ခရောက်တတ်တယ်
ပရသမ္ပတ္တိအနဘိရတိရသာ=သူတစ်ပါးရဲ့ပြည့်စုံတာ၊ကောင်းစားချမ်းသာတဲ့အပေါ်မှာ မပျော်မွေ့ခြင်းကိစ္စရှိတယ်လို့ ဆိုတဲ့အတိုင်း မနာလိုတဲ့သူက သူတစ်ပါး ချမ်းသာတာကို မမြင်ချင်ဘူး၊မကြားချင်ဘူး၊မတွေ့မသိချင်ဘူး။ မြင်ရ၊ကြားရ၊တွေ့နေရရင် စိတ်မချမ်းသာဘဲ မနေသာဘဲ ဖြစ်နေတတ်တယ်။
ပရသမ္ပတ္တိဝိမုခပစ္စုပဋ္ဌာနာ=သူတစ်ပါး ကောင်းစားချမ်းသာတာကို မကြည့်လိုဘဲ မျက်နှာလွဲတဲ့အနေဖြင့် ထင်ပေါ်နေပါတယ်။
ဝန်တိုမှု
ဝန်တိုမှုရဲ့လက္ခဏာက မိမိပိုင်နက်ကို သူတစ်ပါး မသိရအောင် လျှို့ဝှက်ထားလိုတဲ့သဘောလက္ခဏာရှိတယ်။
သက်ရှိသက်မဲ့ မိမိပိုင်နက်ကို သူတစ်ပါးနဲ့ မဆက်ဆံစေချင်တာ ဆက်ဆံသွားမှာကို သည်းမခံနိုင်တာဟာ ၀န်တိုမှုရဲ့ ကိစ္စ သူ့အလုပ်ပါပဲ။
သူတစ်ပါးအား ပေးကမ်းရေး ဆက်ဆံစေရေးနဲ့စပ်ပြီး တွန့်ဆုတ်တဲ့အနေဖြင့် ထင်ရှားတဲ့ အခြင်းအရာရှိတယ်။
ဝန်တိုမှု ဆိုတဲ့ မစ္ဆရိယက ငါးမျိုးတောင်ရှိတယ် သိသင့်တယ်ထင်လို့ အလျဉ်းသင့်တုန်းဖေါ်ပြပေးလိုက်ပါတယ်။ မစ္ဆရိယငါးမျိုးမှာ…
(က) အာဝါသမစ္ဆရိယ- နေရာနဲ့စပ်ပြီး ၀န်တိုမှုရှိခြင်း။
မိမိနေရာမှာ သူတစ်ပါးအား မနေစေချင်တာကို အာဝါသမစ္ဆရိယ လို့ခေါ်တယ်
(ခ) ကုလမစ္ဆရိယ-ချစ်ခင်ရင်းနှီးသူများနဲ့စပ်ပြီး ၀န်တိုခြင်း။
မိမိချစ်ခင်ရင်းနှီးတဲ့သူက တစ်ခြားသူနဲ့ရင်းနှီးသွားမှာကို မလိုလားတာကို ကုလမစ္ဆရိယ လို့ခေါ်တယ်။
(ဂ) လာဘမစ္ဆရိယ-လာဘ်လာဘ စီးပွားဥစ္စာနဲ့စပ်ပြီးဝန်တိုခြင်း။
မိမိနဲ့အလွန်ရင်းနီးသူက သူတစ်ပါးအား ပစ္စည်းဥစ္စာများသွားပေးတာကို သည်းမခံနိုင်တာကို လာဘမစ္ဆရိယ လို့ခေါ်ပါတယ်။
(ဃ) ၀ဏ္ဏမစ္ဆရိယ-ချီးမွမ်းဖွယ်ဂုဏ်နဲ့စပ်ပြီး ၀န်တိုခြင်း။
မိမိလှပသလို သူတစ်ပါးအား မလှပစေချင်တာ၊ သူတစ်ပါးလှပကြောင်း မပြောလို မကြားလိုတာ၊မိမိမှာ ချီးမွမ်းဖွယ်ဂုဏ်ရှိသလို သူတစ်ပါးအား ဂုဏ်မရှိစေချင်တာကို ၀ဏ္ဏမစ္ဆရိယ လို့ခေါ်ပါတယ်။
(င) ဓမ္မမစ္ဆရိယ-တတ်သိတဲ့စာပေပညာနဲ့စပ်ပြီး ၀န်တိုခြင်း။
စာပေအတတ်ပညာအရာမှာ မိမိတတ်သလို သူတစ်ပါးကို မတတ်စေချင်တာ၊ မသိစေချင်၊ မတတ်စေချင်လို့ လျှို့ဝှက်တာကို ဓမ္မမစ္ဆရိယ လို့ခေါ်ပါတယ်။ ဒီလောက်ဆိုရင် နံပတ်(၁)အမေးအတွက် ရှင်းလင်းသဘောပေါက်လောက်ပါပြီ။
(၂)မနာလိုတာတွေ ဘာကြောင့် ဖြစ်ရတာလဲ။
တစ်ခါက သတ္တ၀ါတွေမှာ ဆင်းရဲရတဲ့အကြောင်းနဲ့ပတ်သက်ပြီး၊ ဣဿာ၊ မစ္ဆရိယတရားတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို သိကြားမင်းက ဘုရားရှင်အား မေးလျှောက်ပါတယ်။
ထိုအခါ ဘုရားရှင်က မနာလို ၀န်တိုမှုတွေဟာ ချစ်စရာနဲ့မုန်းစရာကြောင့်ဖြစ်တယ် ဟောတော်မူခဲ့ပါတယ်။ ချစ်စရာမုန်းစရာမရှိရင် မဖြစ်ဘူးလို့ ဆိုလိုတာပါ။
ချစ်စရာဆိုတာက ချစ်စရာကောင်းတဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အစရှိတဲ့သက်မဲ့အာရုံကောင်းတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေဖြစ် တယ်။ မုန်းစရာဆိုတာက မုန်းစရာကောင်းတဲ့အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့စတဲ့ သက်မဲ့အာရုံဆိုးတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေ ဖြစ်တယ်။
မိမိမှာ ပြည့်စုံနေတဲ့ ချစ်စရာကောင်းတဲ့အာရုံနဲ့ မိမိရင်းနှီးတဲ့အခြွေအရံတွေကို မိမိမုန်းတဲ့သူအား မရစေချင်၊ မနီးစပ်စေချင်တဲ့အနေဖြင့် ၀န်တိုမှု မစ္ဆရိယ ဖြစ်ပါတယ်။ဒါဟာ မုန်းတဲ့သူကို အကြောင်းပြုပြီးဖြစ်တဲ့ မနာလိုမှုပဲဖြစ်တယ်။ မိမိချစ်မြတ်နှိုးတဲ့ သက်မဲ့အဆင်း၊အသံစတာတွေနဲ့ အခြွေအရံအသင်းအပင်းစတာတွေထက် တစ်ပါးသူက သာသွားမှာကို မနာလိုတာပါ။ အဲဒါကိုဣဿာလို့ခေါ်တယ်။ မိမိချစ်မြတ်နိုးတဲ့စည်းစိမ်တွေကို တစ်ပါးသူအား မရစေချင်တာ ၀န်တိုမှုဖြစ်တာပါ။အဲဒါကို မစ္ဆရိယ လို့ခေါ်ပါတယ်။
မုန်းတဲ့သူမရှိရင်လဲ မနာလိုဖွယ် မရှိနိုင်ပါဘူး။ ထို့အတူ မိမိချစ်မြတ်နိုးတဲ့ဥစ္စာပစ္စည်းတွေ၊ မိမိချစ်မြတ်နိုးတဲ့ အခြွေအရံတွေ မရှိရင်လဲ မနာလို ၀န်တိုတာ မဖြစ်ပေါ်လာနိုင်ပါဘူး။ ဒါကြောင့် မနာလို၊၀န်တို တာဟာ မုန်းသူနဲ့ချစ်စရာတွေကိုမှီပြီး ဖြစ်ကြပါတယ်။

(၃)မနာလိုမှုတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲ။
မနာလိုမှု၊ ၀န်တိုမှုဆိုတာတွေဟာ ချစ်ခြင်းမုန်းခြင်းကြောင့် ဖြစ်ရတယ်ဆိုတာ အထက်မှာပြောခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် ကျင့်သုံးမယ်ဆိုရင် မနာလိုမှု ၀န်တိုမှုတွေ မဖြစ်နိုင်တော့။ ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် …
အကုသိုလ်ပယ်ပြီး ကုသိုလ်ဖြစ်အောင် ကျင့်သုံးရပါမယ်။ ဘယ်လိုကျင့်သုံးရမလဲဆိုရင်……ဘုရားရှင်က ကုသိုလ်အစုအပုံကြီးဆိုတာ သတိပဋ္ဌာန်လေးပါးပါပဲ၊ သတိပဋ္ဌာန်လေးပါးကို ကုသိုလ်အစုအပုံကြီးလို့ပြောရင် မှန်ကန်တဲ့စကားဖြစ်တယ်လို့ မိန့်တော်မူတယ်။ ဒါကြောင့် သတိပဋ္ဌာန်တရားပွားများမယ်ဆိုရင် မနာလိုတာ၊၀န်တိုတာတွေ ဆိတ်သုဉ်းသွားနိုင်ပါတယ်။
ဖြစ်ပေါ်လာသမျှ အာရုံဟူသမျှကို အရှိကိုအရှိတိုင်းရှုမှတ်ပေးမယ်ဆိုရင် ရှုမှတ်တုန်းခဏမှာ ချစ်ခြင်းဆိုတဲ့လောဘ မုန်းခြင်းဆိုတဲ့ဒေါသတွေဟာ တစ်ခဏမျှ ပယ်သတ်ပြီးဖြစ်နေပါတယ်။ နားလည်အောင်ပြောရရင် မနာလိုမှုတွေဖြစ်လာတယ်ဆိုရင် ဒီမနာလိုတဲ့စိတ်ကိုပဲ “မနာလိုဘူး၊ တွေးတယ်၊သိတယ်” စသဖြင့် အရှိကိုအရှိအတိုင်း ရှုမှတ်ရပါတယ်။ထိုအခိုက်မှာ အကုသိုလ်တွေကို တစ်ခဏမျှ ပယ်နေတာပါပဲ။
ရှုမှတ်မှုအားကောင်းလို့ အရှေ့အမှတ်နဲ့နောက်အမှတ်ဆက်စပ်မိအောင် ရှုမှတ်နိုင်ပြီဆိုပါက၊ သမာဓိအား အတော်အတန် ကောင်းလာတဲ့အခါ လောဘနဲ့ဒေါသတွေကို တစ်အောင့်လောက်ကြာအောင် ပယ်သတ်နိုင်တယ်။ ဆိုင်ရာ မဂ်ဖိုလ်တွေရသွားပီဆိုရင် အောက်ထစ်ဆုံး သောတာပန်ဖြစ်သွားပီဆိုရင်တော့ မနာလိုမှု၊၀န်တိုမှုတွေ လုံးဝမလာနိုင်တော့ပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

အပြည့်အစုံသို့ »

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား
အမေး။ ။ အရှင်ဘုရား…တပည့်တော် ၀ါတွင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ပါတယ်ဘုရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော်မလိမ်းပါဘူးဘုရား။ ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူးထင်လို့ပါ၊သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။
တပည့်တော်တွေးမိတာတစ်ခုရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့ ၇ ပါး ရနိုင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။
ရိုသေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

အဖြေ။ ။ဥပုသ်သီလယူပြီး သနပ်ခါးစတာတွေ လိမ်းကောင်းသလားဆိုတာနဲ့စပ်လို့ ၈-ပါးဥပုသ်သီလကို အရင် စစ်ကြည့်ရပါမယ်။ ဒီ ဥပုသ်သီလ မှာ ဌာနာပါတဲ့သိက္ခာပုဒ်နဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ဆိုပြီး သိက္ခာပုဒ် နှစ်မျိုးရှိပါတယ်။ ဒီရှစ်ပါးအနက် သုရာမေရယ သိက္ခာပုဒ်ဟာ ဌာနာပါပါတယ်။ နစ္စ ဂီတစတဲ့သိက္ခာပုဒ်မှာလဲ ဌာနာပါတယ်။ ကျန်တဲ့ ခြောက်ပါးမှာတော့ ဌာနာမပါပါဘူး။
ဌာနာဆိုတဲ့ပုဒ်ဟာ အကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းသာ ရှိပါသေးတယ်။ အကုသိုလ်မဖြစ်သေးပါဘူး။ဒါနဲ့စပ်လို့ ဌာနာမပါတဲ့သိက္ခာပုဒ် တွေမှာ ပါဏာတိပါတ သူတစ်ပါးအသက်မသတ်ခင်မှာလဲ ဒေါသဖြစ်တယ်၊ သတ်ဆဲအခါမှာလဲ ဒေါသအကုသိုလ်ဖြစ်တယ်၊ သတ်ပြီးတဲ့အခါမှာလဲ အကုသိုလ်ဖြစ်တယ်။ ဒါကြောင့် ပါဏာတိပါတစတဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ခြောက်ပါးဟာ မပြုခင်မှာလဲ အကုသိုလ်ဖြစ်တယ်၊ ပြုဆဲမှာလဲအကုသိုလ်ဖြစ်တယ်။ ပြုပြီးမှာလဲ အကုသိုလ်ဖြစ်တယ်။
ဌာနာဆိုတဲ့ပုဒ်ပါတဲ့ အရက်သောက်ခြင်ွးဟာ အကုသိုလ်ဖြစ်ချင်းရဲ့အကြောင်းပဲရှိပါသေးတယ်။ အရက် မသောက်မီကလဲ အကုသိုလ်မဖြစ်ပါဘူး၊ သောက်ဆဲမှာလဲ အကုသိုလ်မဖြစ်ဘူး၊သောက်ပြီးတဲ့အခါမှာသာ တကယ်အကုသိုလ်ဖြစ်တော့မှာပါ။
နစ္စ၊ ဂီတစတဲ့ ကခုန်၊တီးမှုတ်၊သနပ်ခါးလိမ်းတာတွေဟာလဲ မပြုမီက အကုသိုလ်မဖြစ်ပေါ်သေးပါ၊ ပြုဆဲမှာလဲ အကုသိုလ်မဖြစ်ပေါ်သေး ပါ။ ပြုပြီးတဲ့နောက်ပိုင်းမှာ အကုသိုလ်ဖြစ်ရတာပါ။ ဒီလို နောက်မှဖြစ်ပေါ်ရတဲ့အတွက် ဌာနာ သဒ္ဒါ ပါပါတယ်။
ဒါကြောင့် အရက်သောက်ခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းစတာတွေ ပြုလုပ်ပြီးမှ သီလာယူတာဟာ မအပ်မဟုတ်၊ အပ်ပါတယ်။သို့သော် လည်း သီလခံယူပြီးတဲ့နောက် သနပ်ခါးလိမ်းဖို့ရာ မအပ်တော့တဲ့အတွက်ကြောင့် သီလယူပြီးတဲ့အခါ လိမ်းခြယ်ထားတဲ့သနပ်ခါးတွေကို ပယ်ဖျက်ရပါမယ်။
နောက်တစ်ခုက ရှစ်ပါးသီလကို တစ်ပါးစီဆိုပြီး ရှစ်ပါးစလုံးယူထားရင် တစ်ပါးပျက်က ကျန်ခုနှစ်ပါးရှိပါသေးတယ်။ ဒါပေမဲ့ ရှစ်ပါးစလုံးကို တစ်ပြိုင်တည်း ယူလိုက်မယ်ဆိုရင် တစ်ပါးပျက်က အားလုံးပျက်သွားပါကြောင်း ထပ်လောင်း ဖြေကြားပေးလိုက်ရပါတယ်။

အပြည့်အစုံသို့ »

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား
အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့ ၁၂ နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။တပည့်တော်က နံနက် ၈-နာရီမှာအလုပ်သွားပြီး ညနေ ၆-နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး ၁၀-မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ် ၃၀ အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက် ၈-နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့၁၂-နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အားပြန်လည် ဖြေကြားပေးတော်မူပါဘုရား
ရိုလေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

အဖြေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်ပါတယ်။ ဆွမ်းတော်ပွဲကို ဘုရားအဆောင်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့အထိ ထားမယ်ဆိုရင် ဘုရားရှင်အလိုတော်ကျမဟုတ်တော့ပါဘူး။ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီမကျော်ခင် ဆွမ်းတော်စွန့်တာက ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဒါ့ပြင် ဆွမ်းတော်ကို နေ့၁၂-နာရီကျော်လွန်လို့ ညနေအချိန်အထိ ထားမယ်ဆိုရင် ယင်ကောင်တွေ၊ပုရွက်ဆိတ်တွေနဲ့ ဘုရားအဆောင်ဟာ ရှုပ်ပွနေတော့မှာပါ။ ဒါဆိုရင်တော့ ဘုရားရှင်ကို အဂါရ၀ မရိုသေရာလဲ ရောက်နေ ပါတယ်။ အကောင်းဆုံးကတော့ ၁၂ -နာရီမထိုးမီအချိန်လေးအထိသာ ထားပြီး ဆွမ်းတော်စွန့်က အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမဲ့ မသန်းသန်းနိုင်ရဲ့ အခက်အခဲအရဆိုရင်တော့ နေ့ ၁၂-နာရီအထိဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစောအိပ်ရာကထတဲ့အကျင့်လုပ်ပြီး၊ စောစောဆွမ်းထချက်လို့ရပါတယ်။ ပြီးရင် နံနက်အရုဏ်ဆွမ်းအဖြင့် နံနက် ၆-နာရီလောက်မှာ ဆွမ်းတော်ကပ်ပြီး၊ နံနက် ၆း၃၀-နာရီ သို့မဟုတ် ၇-နာရီလောက် ဆွမ်းတော်စွန့်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

အပြည့်အစုံသို့ »

အမြတ်များများရချင်ရင် ဘယ်လိုကုသိုလ်မျိုးပြုမလဲ

လောကမှာ အလုပ်တစ်ခုလုပ်တယ်ဆိုရင် အကျိုးရှိမှ ကောင်းပါတ်ယ်၊ အကျိုးမရှိရင် သဲထဲရေသွန်ဆိုသလို လုပ်သမျှ မောရုံသာ အဖတ်တင်မှာပါ။ လောကရေးရာမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် အကျိုးရှိဖို့ အရေးကြီးပါတယ်။ ဒီလိုပါပဲ ဘ၀တိုးတက်မှုအတွက် ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့အခါ ရလာတဲ့အကျိုးတရားက အလွန်နည်းနေတယ်ဆိုရင် အဆင်မပြေပါ။ ပြုလုပ်လိုက်တဲ့ကုသိုလ်အတွက် ထိုက်ထိုက်တန်တန် လိုချင်ကြမှာပါ။ ဒါကြောင့် အကျိုးအမြတ်များများ ရနိုင်တဲ့ အလှူဒါနတစ်ခု ပြုလုပ်ချင်တဲ့သူများအတွက် ဘုရားရှင်လမ်း ညွန်ထားတာရှိပါတယ်။
ထိုအကြောင်းနဲ့စပ်လို့ ဟောတော်မူထားတဲ့ သုတ္တန်ရဲ့အမည်က “ဒါနသုတ်” ဖြစ်ပါတယ်။ ဒီတရားတော်ကို အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ဒေ၀တာသုတ်မှာ လာရှိပါတယ်။

အခါတစ်ပါး သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ ဒီအချိန်မှာ ဝေဠုကဏ္ဍကမြို့အတွင်း နန္ဒမာတာ အမည်ရှိတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် အမှူးရှိတဲ့ နောက်ပါသံဃာများစွာတို့ကို အိမ်မှာပင့်ပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။ ဒီမှာထူးခြားတာက နန္ဒမာတာအမျိုးကောင်းသမီး ပြုလုပ်နေတဲ့ဒါနဟာ အင်္ဂါခြောက်တန်နဲ့ပြည့်စုံတဲ့ဒါနဖြစ်နေတာကို ဘုရားရှင်က ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ သိမြင်တော်မူပါတယ်။
ဒါကြောင့်ဘုရားရှင်ကလဲ သာဝတ္ထိမြို့၊ဇေတ၀န်ကျောင်းတော်ရှိ တရားနာပရိသတ်များအား ဆဠင်္ဂသမ္ပန္နဂတဒါန အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့အလှူ တရားတော်ကို ဟောကြားတော်မူပါတယ်။ နန္ဒမာတာ ပြုလုပ်တဲ့ကောင်းမှုရဲ့အကျိုးဟာ သမုဒ္ဒရာရေတွေ မရေမတွက်နိုင်သလို ကုသိုလ်အကျိုးဟာလဲ မရေမတွက်နိုင်အောင်ပါပဲ လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။
အင်္ဂါခြောက်ပါးအလှူဆိုတာက အလှူပေးတဲ့ အလှူ့ရှင်မှာ အင်္ဂါ သုံးပါး ပြည့်စုံရပါမယ်၊ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါး ပြည့်စုံရမယ်။ အလှူပေးအလှူခံပေါင်းလိုက်တော့ ခြောက်ပါးရတယ်။ဒါကိုပဲ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ပြောပါတယ်။
အလှူပေးတဲ့ဒါယကာနဲ့စပ်လို့ ပြည့်စုံရမဲ့ အချက်သုံးချက်က… (၁)ပုဗ္ဗစေတနာ- မလှူမီရှေ့အဖို့ ကျေနပ်နှစ်သက်ဝမ်းမြောက် နေရမယ်။ (၂) မုဉ္စစေတနာ-လှူတုန်းလှူဆဲမှာလဲ ကြည်ရွှင်နှလုံး ပျော်မဆုံးရှိနေရမယ်။ (၃) အပရစေတနာ-လှူပြီးနောက်လဲ အစဉ်လဲ အမြဲဝမ်းမြောက်ကြည်နူး နေရပါမယ်။
ပုဗ္ဗစေတနာ
ဒီစေတနာရဲ့သဘောက မလှူခင် ၀မ်းမြောက်ကျေနပ်နေရပါမယ်။ ဆက်ပြောပါ့မယ်။်
မလှူမီ အလှူကောင်းမှုအတွက် ကြိုတင်ပြင်ဆင်မှု ၀တ္ထုကြေးငွေပြည့်စုံမှုစတဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။ ဒီလို အချင်းချင်းတိုင်ပင်တဲ့အခါ အချင်းချင်း အတ္တ မာန ခ၀ါချပြီး ဆွေးနွေးတိုင်ပင်ရတယ်။ ‘ငါ့မှာရှိလို့ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ၊ မင်းတို့အလှူအတွက် မထည့်လဲအရေးကြီးဘူး၊ ငါတစ်ယောက်ထဲလုပ်မယ်’ စတဲ့ မလှူခင်မှာကို ပြဿနာတက်နေပီဆိုရင် ပုဗ္ဗစေတနာ မပြည့်စုံနိုင်တော့။ တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦး ကျောင်းရောက်လာပြီး ဇနီးဖြစ်သူက မနက်ဖန် အလှူအတွက် အိမ်ကို ကြွဖို့အကြောင်း ၀မ်းသာအားရလျှောက် တယ်။ ဒါကို အနီးရှိ ယောင်္ကျားဖြစ်သူက ဒီကိစ္စသူ့ကို မတိုင်ပင်ရကောင်းလား ဆိုကာ နှစ်ဦးသား စာရေးသူရှေ့မှာ တစ်ခွန်းတစ်စ ပြောကြပါလေရော။ဒီလိုဆိုတော့ ပုဗ္ဗစေတနာ ပျက်ယွင်းသွားတာပေါ့။ ယောင်္ကျားဖြစ်သူက မတိုင်ပင်လဲ ပုဗ္ဗစေတနာအထ မြောက်အောင် နားလည်ပေးလိုက်ရင်လဲ ဖြစ်ပါတယ်။ အလှူနဲ့ပတ်သက်ပြီး ပုဗ္ဗစေတနာမချို့ယွင်းမိဖို့ အထူးသတိထားရပါမယ်။ တကယ်လို့ ပုဗ္ဗစေတနာချို့ယွင်းပီဆိုရင် ဖြစ်လေရာဘ၀ ချမ်းသာသော်လဲ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ်။ ဘုရားအလောင်းတော် မင်းကုသာဟာ ဘုန်းတံခိုးအာဏာကြီးတဲ့ဘုရင်တစ်ပါးဖြစ်ပေမဲ့ သူ့ရဲကမျက်နှာဟာ ဘီလူးတစ်ကောင်အလား အရုပ်ဆိုးကျည်းတန်လှတယ်။ဒါဟာ ပုဗ္ဗစေတနာ ချို့ယွင်းခဲ့လို့ပါ။ စာရှည်သွားမှာစိုးတဲ့အတွက် အတိတ်သာဓက ပြန်မပြတော့ပါဘူး။
အပရစေတနာ
ဒီစေတနာရဲ့သဘောက လှူပြီးနောက် ၀မ်းမြောက်ပျော်ရွှင်ရပါမယ်။ ပျံလွန်တော်မူပြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီးက သူ့ရဲ့တပည့် ဒကာ/ဒကာမများအား “မင်းတို့ အလှူလုပ်တဲ့အခါ ‘အ’ တဲ့အလှူ မဖြစ်စေနဲ့” လို့ မိန့်တော်မူခဲ့တယ်။ဒါဟာ အပရစေတနာအားကောင်းအောင် တွန်းအားပေးလိုက်တဲ့ ဆုံးမစကားပဲ ဖြစ်တယ်။ ဆက်လက်ပြောပါဦးမယ်၊ မိမိလှူလိုက်တဲ့အလှူဟာ အသုံးဝင်နေရမယ်။ ကျောင်းကြီးတစ်ဆောင် ဆောက်လှူထားတယ်ဆိုပါစို့၊ လှူထားတဲ့ကျောင်းဟာ ရဟန်းသံဃာတော်များ အသုံးချမှုလဲမရှိ၊ အမြဲတမ်း သော့ခတ် ထားမယ်ဆိုရင် အလှူရှင်က ဒါကိုကြည့်ပြီး ၀မ်းမြောက်မှုမရနိုင်တော့ ၀မ်းမြောက်မှုမရှိရင် ‘အ’တဲ့အလှူဖြစ်သွားပါတယ်။ စာမကြည့်ဖြစ်တဲ့ ကျောင်းမှာ ပိဋကတ်သုံးပုံ သွားလှူထားမယ်ဆိုရင် ဘာမှအသုံးမ၀င် အလှပြရုံသက်သက်မို့လို့ လှူရတဲ့သူမှာ ဒါကိုကြည့်ပြီး ၀မ်းမြောက်နိုင်ဘူး၊ တကယ်လို့ စာသင်တိုက်တွေမှာ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ တကယ်အသုံးလိုနေတဲ့စာအုပ်တွေကို လှူလိုက်လို့ရှိရင် ထိုစာအုပ်အလှူအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ဒါဟာ အလှူ့ရှင်အတွက် အပရစေတနာ အထမြောက်သွားတာပါပဲ။ ဒါကြောင့် လှူတဲ့အခါ “အ” တဲ့အလှူမျိုး မဖြစ်အောင် အသုံးဝင်တဲ့ ပစ္စည်းများကိုသာ လှူရမှာဖြစ်တယ်။ ဒါဆိုရင် အပရစေတနာနဲ့စပ်လို့ သဘောရှင်းလောက်ပါပြီ။
မုဉ္စစေတနာ
ဒီစေတနာရဲ့သဘောက လှူတုန်းလှူဆဲမှာ ၀မ်းမြောက်မှုရှိရပါမယ်။ ကောင်းမှုပြုတဲ့အခါ လှူဆဲမှာလဲ အလွန်အရေးကြီးပါတယ်။ ပေးလှူတုန်း မှာ ကာမတရား၊ ဘ၀တရားတွေကို မက်မောတတ်တဲ့ တဏှာလောဘကို ကျော်လွှားနိုင်ရမယ်။ ဒါမှလဲ မုဉ္စစေတနာအောင်မြင်မယ်။ ကောင်းမှုအလှူနဲ့စပ်လို့ ဆုတောင်းတဲ့အခါ တစ်ချို့ရှိကြတယ်။ ဇောတိလ၊ဇဋိလသူဌေးတို့လို ချမ်းသာရပါလို၏။ ရှင်သာရိပုတ္တရာတို့လို ပညာကြီးရပါလို၏၊ ရှင်မဟာမောဂ္ဂလာန်တို့လို တန်ခိုးကြီးရပါလို၏ အနာထပိဏ်သူဌေး၊၀ိသခါတို့လို ဖြစ်ရပါလို၏၊ အရှင်ဗာကုလလို အနာရောကင်းပြီး ချမ်းသာရပါလို့၏ လို့ ဆုတောင်းကြပါတယ်။ ကောင်းမှုတစ်ခုလုပ်ပြီး လိုချင်လိုက်တဲ့ဆုတွေက တအားများနေတယ်၊ အားလုံးတစ်ကြိမ်တည်းဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုရားလက်ထက်တောက ရှင်သာရိပုတ္တရာဆိုတာ ဘုရားရှင်ပြီးရင် ဒီအရှင်တွေပဲရှိကြ တယ်။ ရှင်သာရိပုတ္တရာတို့တောင်မှာ ရထားတဲ့ဆုက ပညာဧတဒဂ် ဆိုတဲ့ ဆုတစ်ခုတည်းပါ။ ဒါကို လောကရှိသမျှ ကောင်းတဲ့ဆုတွေ အကုန်လုံးလိုချင်လို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ လောဘတဏှာဦးစီး လှူတာဖြစ်တော့ ပါရမီအဆင့်ကိုတောင် မမီပါဘူး။ ဒါဖြင့်ဘယ်လိုဆုတောင်းမလဲ၊ ဆွမ်းလှူတဲ့သူဟာ ဆွမ်းအကျိုးကတော့ မတောင်းလဲရ၊တောင်းလဲရပီးသားပါ၊ မိမိရည်ရွယ်ရမှာ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ချမ်းသာ အထောက်အပံ့ဖြစ်ပါစေဆိုရင် ပါရမီအဆင့်ရောက်သွားပါတယ်။ လိုရင်းပြောရင် ကိုယ့်အကျိုးမကြည့်ဘဲ အလှူခံရဲ့အကျိုးကို မျှော်ပြီး လှူလိုက်ရင် အဲဒီအလှူဟာ ပါရမီအဆင့် ပြည့်မီသွားပါတယ်။ ဒါ့အပြင် ပေးလှူဆဲမှာလဲ ၀မ်းမြောက်ကြည်နူးမှု များဖြစ်နေမယ်ဆိုရင် မုဉ္စစေတနာအောင်မြင်သွားပါတယ်။ ဒါကို မှတ်လွယ်အောင် ဆောင်ပုဒ်လေးကို လိုက်မှတ်ထားလိုက်ကြပါ
(ပေးလှူသူမှာ ၊ စေတနာ၊ သုံးဖြာစုံရမည်)
အလှူပေးတဲ့ဒါယကာမှာ အခုပြောခဲ့တဲ့ အင်္ဂါသုံးချက်တော့ ပြည့်စုံပါပြီ၊ ဒီလိုပြည့်စုံရုံနဲ့မပြီးသေးဘူး။ အလှူခံပုဂ္ဂိုလ်ဘက်မှာလဲ အင်္ဂါသုံးချက်ပြည့်စုံရမှာပါ။ အလှူခံဆိုတာ ကိလေသာ ကင်းပြီးနေရမယ်။ရဟန္တာဖြစ်ရမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ ကိလေသာ မကင်းသေး ဘူးဆိုရင်တော့ လောဘနည်းအောင်၊ဒေါသနည်းအောင်၊မောဟနည်းအောင်ကျင့်နေတဲ့သူဖြစ်ရမယ်။ ဒါဟာ အလှူခံမှာပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။ မေးစရာရှိတာက ကိလေသာနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုပါသလဲ၊ ဘယ်လိုသိရမလဲ လို့ မေးစရာရှိ တယ်။ဒါနဲ့ပတ်သက်ပြီး ဥပမာတစ်ခု ရွေစစ်-မစစ်ဆိုတာကို မှတ်ကျောက်တင်ပြီး စစ်ရပါတယ်။ဒီလိုပါပဲ လောဘစတဲ့ကိလေသာနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလဲ စံထားပြီး မှတ်ကျောက်တင်ရပါမယ်။ ဘယ်လိုစံပြုမလဲဆိုရင်…
ဂေါတမဘုရားရှင်လက်ထက်မှာ စက္ခုပါလမထေရ်၊ ကဿပဘုရားရှင်လက်ထက်မှာ ကပိလရဟန်းတို့ဟာ ဘုရားရှင်ကို မေးဖူးပါတယ်။ “အရှင်ဘုရား ဘုရားရှင်ရဲ့သာသနာတော်မှာ ၀င်ရောက်ခုံလှုံလာရင် ဘာလုပ်ငန်းများ လုပ်ကိုင်ပေးရမလဲဘုရား” လို့မေးတယ်။ ထိုအခါ ဘုရား ရှင်က သာသနာတော်မှာ အလုပ်ငန်းနှစ်မျိုးရှိတယ်၊ အဲဒီနှစ်မျိုးအနက် တစ်မျိုးမျိုးကို ပြုလုပ်နေရမယ်။ (၁)ဂန္ထဓုရ၊ ဘုရားဟောစာပေတွေကို သင်အံကျက်မှတ် ပို့ချတာတွေပြုလုပ်နေရမယ်၊ တရားဟောတာတွေလဲအတူတူပဲ၊ ၀ိပဿနာဓုရ ဆိုရင်တော့တရားအားထုတ်ခြင်း၊ တရားပြသခြင်းစတဲ့ သာသနာ့တာဝန်တွေပါ၊ဒီလုပ်ငန်းနှစ်ရပ်အနက် တစ်မျိုးမျိုးကို စွမ်းနိုင်သလောက်ပြုလုပ်နေမယ်ဆိုရင် လောဘစတဲ့ကိလေသာနည်းအောင်ကျင့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့လုပ်ငန်းနှစ်ရပ်ပါ။
ဒီလုပ်ငန်းနှစ်ခုကသွေဖီပြီး ရဟန်းဖြစ်ပါလျှက် ဆေးကုခြင်း၊ ဗေဒင်တွက်ခြင်း၊ ဓါတ်ရိုက်ယတြာချေခြင်း၊ဓါတ်ကူးပေးခြင်း၊ ချဲဂဏန်းပေးခြင်း၊ဘောလုံးပွဲလောင်းခြင်းစတာတွေကို ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ လောဘတိုးပွားကြောင်း၊ ဒေါသတိုးပွားကြောင်း အကျင့်တွေပဲ ဖြစ်လာတော့မှာပါ။ ဘာ့ကြောင့်ဆိုရင် ဆေးကုတယ်ဆိုတာလဲ လာဘ်လာဘကို မျှော်တာပါပဲ၊ ဗေဒင်တွက်ခြင်း ချဲဂဏန်းပေးခြင်း၊ ဘောလုံးပွဲလောင်းခြင်းစတဲ့ အလုပ်တွေလဲ အတူတူပါပဲ။ ဒီလိုလာဘ်လာဘမှီပြီးဖြစ်လာမှတော့ လောဘတိုးပွားအောင် လုပ်တဲ့အလုပ်တွေပဲ ဖြစ်တယ်။
ပီးတော့ ထိုလုပ်ငန်းနှစ်ရပ်အနက်တစ်ခုခု ပြုလုပ်နေတိုင်းလဲ လောဘနည်းအောင်ကျင့်တယ်လို့ မခေါ်ဆိုနိုင်ဘူး။ ဒါနဲ့စပ်လို့ စံနှစ်ခုကိုရှိတယ်၊ ဒါနဲ့စပ်လို့ မြစကြာဆရာတော်ရဲ့ အဆိုအမိန့် ကောင်းလွန်းလို့ ဒီနေရာမှာ ထည့်သွင်းပြောပြပါ့မယ်။ (၁) မိမိလုပ်တဲ့လုပ်ငန်း မှန်ကန်မှုရှိရတယ်၊လမ်းကြောင်းမှန်ရမယ်။(၂)စေတနာ မေတ္တာ ရည်ရွယ်ချက်ကောင်းရမယ်။ ဒီ စံနှစ်ချက်နဲ့ကိုက်ညီမှ လောဘနည်းအောင် ကျင့်တာလို့ခေါ်ပါတယ်။
ဆိုပါစို့…ဂန္ထဓုရအတွက် စာသင်တိုက်ထောင်တယ်ဆိုတာ နောက်မျိုးဆက်သစ်လေးတွေ ထွန်းကားပြီး သာသနာဆက်လက်ပြုသွား နိုင်အောင်၊ သာသနာဆက်လက်တည်တန့်နေအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင်တော့ ကောင်းပါတယ်။ အလုပ်လဲမှန်တယ်၊ စေတနာ မေတ္တာ ရည်ရွယ်ချက်လဲ မှန်ကန်တယ်။ ဒါဆိုရင် လောဘနည်းကြောင်းကျင့်နေတဲ့ အကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ စာသင်တိုက်ထောင်တာ ငါ့အတွက် ကျော်ကြားဖို့၊ နာမည်ကြီးဖို့၊ နိုင်ငံသာမက ကမ္ဘာကျော်ဖို့ ဆိုတဲ့ မှားယွင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြပါတယ်။ နာမည်ကြီးချင်၊ ကမ္ဘာကျော်ချင်တယ်။ဒီရည်ရွယ်ချက်နဲ့စာသင်တိုက်ထောင်တယ်။ ဒါဟာ လုပ်ငန်းမှန်ကန်မှုရှိတယ်။ ဒါပေမဲ့ ကျော်ကြားချင်တယ်ဆိုတဲ့ လောဘဦးစီးနေတဲ့အတွက် လောဘ တိုးပွားကြောင်းအကျင့် ဖြစ်သွားတယ်၊ ဒေါသတိုးပွာကြောင်းအကျင့်ဖြစ်သွားပါတယ်။ တရားဟောတာလဲဒီအတိုင်းပဲ လာဘ်လာဘငှြဲ့ပီး တရားဟောရင်တော့ လောဘတိုးပွား ကြောင်းပေါ့၊ လူတွေအသိဥာဏ်တိုးပီး လိမ္မာယဉ်ကျေးစေချင်တဲ့စိတ်ကောင်းနဲ့ ဟောတာဆိုရင်တော့ ဒါ လောဘနည်းကြောင်းအကျင့်ပေါ့။ ဘာသာရေးစာရေးဆရာတွေလဲဒီလိုပါပဲ၊ အမြတ်ရအောင်၊ နိုင်ငံကျော်အောင် ရည်ရွယ်ချက်နဲ့ စာပေရေးသားတယ်ဆိုရင် လုပ်ငန်းကမှန်တယ်။ဒါပေမဲ့ စိတ်စေတနာက လောဘဦးစီးနေတဲ့အတွက် လောဘတိုးပွားကြောင်းဖြစ်နေပါတယ်။
ဝိပဿနာဓုရနဲ့ပတ်သက်ပြီးတော့လဲ ဒီလိုပါပဲ၊ ရိပ်သာထောင်တယ်ဆိုတာ သတ္တ၀ါဝေနေယျအများ ကိလေသာငြိမ်းကြောင်းအကျင့် တွေကို ကျင့်နိုင်အောင် လမ်းပြပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ကောင်းပါတယ်။ လုပ်ငန်းလဲမှန်တယ်၊ စိတ်စေတနာ ရည်ရွယ်ချက်လဲကောင်းတဲ့အတွက် လောဘနည်းကြောင်း၊ဒေါသနည်းကြောင်းအကျင့်လို့ ပြောနိုင်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ရိပ်သာထောင်တာ ငါ့အတွက် နာမည်ကြီးချင်လို့ ကမ္ဘာကျော်ချင်လို့၊ ပရိသတ်အခြွေအရံများအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲု့ ရိပ်သာတည်ထောင်ကြတယ်။ဒါဟာ လုပ်လိုက်တဲ့လုပ်ငန်းတော့ မှန်ကန်မှုရှိပါတယ်။ဒါပေမဲ့ စေတနာ မေတ္တာ ရည်ရွယ်ချက် မှန်ကန်မှု မရှိ ပါဘူး။ ကျော်ကြားလိုတဲ့စိတ်နဲ့ဆိုတော့ လောဘဦးစီးတဲ့အတွက် လောဘတိုးပွားကြောင်းအကျင့်လို့ ပြောနိုင်ပါ တယ်။
လိုရင်းက လောဘ၊ဒေါသ၊မောဟနည်းအောင်ကျင့်နေတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်ရဲ့ အင်္ဂါသုံးချက်ပြည့်စုံ ပါပြီး၊ဒါဆိုရင်အင်္ဂါခြောက်ပါးပြည့်စုံတဲ့ အလှူရဲ့အကျိုးတရားဟာ ရေတွက်လို့မရနိုင်အောင်ပါပဲ အကျိုးသက်ရောက်မှု များလှတယ်ဆိုတာပြောရင်း…….
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၂.၈.၂၀၁၀၊ ကြာသပတေးနေ့၊
ညနေ ၂း၃၇ နာရီ

အပြည့်အစုံသို့ »

စိတ်ထားမကောင်းသူကို တရားဟောရင်အပြစ်ရှိ/မရှိ

အမေး။ ။စိတ်ထားမကောင်းသူကို တရားဟောရင် ဟောတဲ့သူမှာ အပြစ်ရှိ-မရှိသိချင်ပါတယ်ဘုရား။ နောက်တစ်ခုက ၅၅၀နိပါတ်တော်လို့ အရေ အတွက်ရှိပါလျှက် ၄၈၀ ကျော်ပဲရှိတယ်ဆိုတာ မှန်-မမှန် တပည့်တော်သိချင်ပါတယ်ဘုရား။
ဖိုးလပြည့်
မြိတ်)

အဖြေ။ ။စိတ်ထားမကောင်းသူကို တရားဟောရင် အပြစ်ရှိ-မရှိဆိုတာနဲ့ပတ်သက်ပြီး ပါဠိတော်များမှာ မတွေ့ရပါ။ ဒါပေမဲ့ တရားမဟောအပ်တဲ့ ပုဂ္ဂိုလ်များကို တရားဟောရင် ဒုက္ကဋ်အာပတ်သင့်စေ(အပြစ်ဖြစ်တယ်)ဆိုတာတော့ ဘုရားဟောထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးပါတိမောက် ဘာသာဋီကာမှာ တရားမဟောအပ်တဲ့ပုဂ္ဂိုလ် ၁၆-ဦးကို ဖေါ်ပြထားပါတယ်။
ဖေါ်ပြမဲ့ ၁၆ ဦးဟာ ကျန်းမာလျှက်ရှိနေမယ်ဆိုရင် တရားမဟောအပ် ဟောတဲ့သူမှာ အပြစ်ရှိတယ်၊ မကျန်းမမာဖြစ်နေတယ်ဆိုရင်တော့ အပြစ်မရှိ လို့ ယူရပါ့မယ်။
(၁) လက်မှာ ထီးကိုင်ထားသူ။ (၂)လက်မှာ လေးတောင်လောက်ရှိတဲ့ ဒုတ် ကိုင်ဆောင်ထားသူ။ (၃) ဓား၊လက်နက်စတာတွေ ကိုင်ဆောင်ထား သူ။ (၄)လက်မှာ လေး မြှားကိုင်ဆောင်ထာားသူ။ (၅)ခြေနင်း ခုံဖိနပ် စီးထားသူ။ (၆)အခြားဖိနပ်များစီးထားသူ။ (၇)လှည်း၊ရထားစတဲ့ယာဉ်ပေါ် တက်ရောက်နေသူ။ (၈)အိပ်ရာပေါ်မှာနေသူ။ (၉) ဒူးထောင်ပြီး လက်အ၀တ်တို့နဲ့ ပတ်ဖွဲ့ထိုင်နေသူ။ (၁၀)ခေါင်းပေါင်းကြီး ကုလားများပေါင်းသလို ဦးခေါင်းကို ဆံစမပေါ်အောင် ရစ်ပတ်ပေါင်းထားသူ။ (၁၁)ခေါင်းမြီးခြုံထားသူ။ (၁၂) တရားဟောသူကအခင်းမပါ မြေပေါ် ထိုင်ရက်နဲ့ အခင်းပေါ် ခုံပေါ်ထိုင်နေသူအား တရားမဟောရ။ (၁၃) တရားဟောသူက နိမ့်နဲ့နေရာမှာနေပါရက်နဲ့ မြင့်မောက်တဲ့နေရာမှာထိုင်နေတဲ့ သူအား တရားမဟောရ။ (၁၄) မတ်မတ်ရပ်နေသူက ထိုင်နေသူအား တရားမဟောရ။ (၁၅) ခရီးသွားစဉ် နောက်ကလိုက်သူက ရှေ့ကသွားနေသူ အား တရားမဟောရ။ (၁၆) လမ်းဘေးမှာသွားသူက လမ်းအပေါ် သွားနေသူကို တရားမဟောရ။
ဒီနေရာမှာ သတိထားစရာတစ်ခုက တရားဟောတယ်ဆိုတဲ့နေရာမှာ အဋ္ဌကထာဆိုင်ရာ ပါဠိဘာသာဖြင့် ပြောဟောမှသာ တရား အရယူရပါမည်။ အဋ္ဌကထာဆိုင်ရာပါဠိဘာသာစကားမှတစ်ပါး အခြားဘာသာစကားများဖြင့်ကား ဟောကောင်းတယ်လို့ မှတ်ရပါမယ်။
ဒုတိယအမေးတစ်ခုက ငါးရာငါးဆယ်ဇာတ်တော်အနက် ဇာတ်တော် လေးရာရှစ်ဆယ်ကျော် ရှိတယ်ဆိုတာ မဟုတ်ပါဘူး။
အမှန်က ငါးရာငါးဆယ်ဇာတ်တော်မှာ အားလုံးပေါင်းရှိတာက ၅၄၇-ဇာတ်ရှိပါတယ်။ ဘာ့ကြောင့် ၅၄၇-သုတ်ထဲရှိတာကို ငါးရာငါးဆယ်လို့ ပြောရတာလဲဆိုရင်- ဇာတ်တော် ၅၄၇-ဇာတ်သာရှိပေမဲ့ ငါးရာငါးဆယ်နဲ့နီးစပ်တဲ့အတွက် သင်္ချာအပြည့်အားဖြင့် ငါးရာငါးဆယ်လို့ သမှတ်ခေါ်တွင် ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး… ဗုဟုသုတဖြစ်ဖွယ်ရာကို ဆက်လက်ပြောပါဦးမယ်။
ရှေးပညာရှင်များက ဇာတ်တော် ငါးရာငါးဆယ် ပြည့်အောင် ဖြည့်သွင်းရေတွက်ခဲ့ကြတာလည်း ရှိပါတယ်။ ပုဂံအာနန္ဒာလှိုင်ဂူနဲ့ မင်းဘုရားရှိ ဇာတ်ရုပ်ပုံများမှာ ငါးရားငါးဆယ် အပြည့် ဖြည့်သွင်းထုလုပ်ခဲ့ကြပါတယ်။ အင်းဝခေတ် စနေမင်းလက်ထက် ဒုတိယညောင်စည်ရွှေ ကျောင်းဆရာတော် ရေးသားတော်မူတဲ့ ‘ရှင်တိသာသနဓဇ အဆက်အနွယ်စာတမ်း’မှာတော့ မာရ်အောင်ရတနာဘုရားတွင် ဇာတ်တော် ငါးရာငါးဆယ်ပြည့်အောင်(၁) မဟာဂေါဝိန္ဒသုတ်၊ (၂)သစ္စာဝှယဇာတ်၊(၃)မဟာလောမဟံသဇာတ်တို့ကိုဖြည့်သွင်းလိုက်တဲ့အခါ သံဃာတော်များ က မသင့်ကြောင်း တားမြစ်တဲ့အတွက်ကြောင့် ပယ်ဖျက်ခဲ့ရတာလို့ ဆိုပါတယ်။ ပုဂံဝန်ထောက်ဦးတင်က (၁)ဝေလာမဇာတ်၊ (၂)မဟာဂေါဝိန္ဒဇာတ်၊ (၃)သုမေဓပဏ္ဍိတဇာတ်တို့ကို ဖြည့်သွင်းရေသားခဲ့ပါတယ်။
ဘယ်လိုပဲဖြည့်သွင်းကြပါစေ၊ တကယ်တမ်း ပိဋကတ်တော်လာ ဇာတ်တော်များဟာ ၅၄၇ သာ ရှိတယ်လို့သာ မှတ်ရမှာဖြစ်ပါကြောင်း

အပြည့်အစုံသို့ »

အမွေပေးတာကုသိုလ်ရ-မရ

အမေး။ ။အရှင်ဘုရား…သားသမီိးများအား အမွေးပေးတဲ့အခါ မိဘများမှာ ကုသိုလ်ရနိုင်ပါသလားဘုရား။
ဖြူဖြူနိုင်
မြိတ်

အဖြေ။ ။ကုသိုလ်ရ-မရဆိုတာကို အဖြေညှိဖို့အတွက် ကုသိုလ်အကြောင်းကို အရင်ပြောရမှာပါ။ ကုသိုလ်ဆိုတာ။ အပြစ်ကင်းတယ်၊ ချမ်းသာ တယ်ဆိုရင် ကုသိုလ်လို့ခေါ်ပါတယ်။ ကင်းရမဲ့ အပြစ်တွေကဘာများလဲဆိုရင် လောဘအပြစ်၊ဒေါသအပြစ်၊မောဟအပြစ်တွေပါ။ ဒီကိလေသာအပြစ်တွေ ကင်းနေရမယ်။ ဘယ်လောက်ကင်းရမလဲဆိုရင် ခဏကင်းတာ၊ တစ်အောက်လောက်ကြာအောင်ကင်းတာ၊ အပြီးအတိုင်ကင်းတာလို့ ကင်းခြင်းသုံးမျိုးရှိတယ်။ ဘယ်လိုပဲကင်းကင်း ကင်းနေသမျှကို ကုသိုလ်ပါပဲ။ ဒီလိုအပြစ်ကင်းပြီဆိုရင် စိတ်ထဲမှာ ကိလေသာ အနှောင်အဖွဲ့မှလွတ်နေတဲ့အတွက် လောင်အိမ်မှလွတ်တဲ့ငှက်လိုပဲ စိတ်ဟာလဲ လွတ်လပ်ပေါ့ပါးကာ ချမ်းသာနေမှာပါ။ ဒါကိုပဲ ကုသိုလ်လို့ မှတ်လိုက်ရပါမယ်။
မိဘများဟာ ပေးလိုက်တဲ့အမွေပစ္စည်းများအပေါ် မတတ်မက်ဘဲ ရက်ရက်ရောရော ပေးကမ်းမယ်ဆိုရင် မိဘများမှာ အလောဘကုသိုလ် ဖြစ်နေမှာပါ။ ဒီလိုမှမဟုတ်ဘဲ ပေးတော့ပေးလိုက်ပါရဲ့ ပစ္စည်းအပေါ် တွယ်တာမက်မောနေသေးတယ်၊ကိုယ့်ပစ္စည်းကို မပေးချင်ပေးချင်နဲ့ ပေးလိုက်ရတယ်ဆိုရင်တော့ တပ်မက်တဲ့ လောဘအပြစ်ဖြစ်သွားနိုင်ပါတယ်။ တစ်ချို့သားသမီးများက အမွေရလိုမှုနဲ့ တရားစွဲ ထားလို့ ရုံးတက်ဖြေရှင်းရပြီး သားသမီးက အမှုနိုင်လို့ မိဘက မပေးချင်ဘဲပေးလိုက်ရတဲ့အခါမျိုးမှာ ကုသိုလ်မဖြစ်နိုင်တော့၊ အကုသိုလ်ပဲ ဖြစ်တော့မှာပါ။ နားရှုပ်သွားပြီထင်ပါတယ်။ လိုရင်းချူပ်ပြောရရင်တော့ မေတ္တာကရုဏာများစွာနဲ့ သားသမီများအား အမွေပေးရတဲ့မိဘများမှာ ကုသိုလ်ပဲ ရပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

အပြည့်အစုံသို့ »

အလှူနဲ့စပ် သိမှတ်ဖွယ်ရာ

“ပါရမီအစ ဒါနက” ဆိုတဲ့အတိုင်း ရှေးရှေးဘုရားအလောင်းသူတော်ကောင်းတို့ ပါရမီကို စတင်ဖြည့်ကျင့်တဲ့အခါမှာ ဒါနပါရမီကို စတင်ဖြည့်ကျင့်တော်မူကြရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ အလှူဒါနကို စွမ်းအားရှိသလောက် ရက်ရက်ရောရော ပေးလှူနေကြ ခြင်းဖြစ်တယ်။ ဒီလိုပေးလှူတဲ့အခါမှာ မိမိအလှူကို တန်ဖိုးရှိချင်ကြတယ်၊ လက်ရှိဘ၀မှာဖြစ်စေ၊သံသရာမှာဖြစ်စေ အလှူရဲ့အကျိုးကို ခံစားချင်ကြပါတယ်။ သို့ပေမဲ့ အလှူဒါနအချို့ဟာ မိမိဖြစ်ချင်သလို မဖြစ်လာဘူး။ ဒါဘာကြောင့်လဲ…………။
တစ်နေ့ စာရေးသူတို့ကျောင်းမှာကျေးဇူးများတဲ့အမျိုးသမီးတစ်ဦးက “အရှင်ဘုရား….တပည့်တော် ဒီတစ်ခေါက် အရှင်ဘုရားကျောင်းအပါအ၀င် တစ်ခြားကျောင်းတွေမှာပါ သိန်းသုံးဆယ်ကျော်လောက် အလှူလုပ်ဖြစ်လိုက်တယ်ဘုရား၊ ဒီအကြောင်းကို ရန်ကုန်ရောက်တော့ တပည့်တော်အဖွားကို ၀မ်းသာအားရပြောပြပါတယ်၊အဖွားက အလှူဒါနလုပ်တယ်ဆိုတာ အကောင်းဆုံးဖြစ်အောင် သိမ်လှူရတယ်၊ ဘာ့ကြောင့်ဆိုရင် ရဟန်းအစ သိမ်က ဆိုတဲ့အတိုင်း သိမ်ရှိမှ ရဟန်းဖြစ်တာ၊ရဟန်းဖြစ်မှ သာသနာတော်ကြီး အရှည်တည်တန့်လို့ပါပဲ။ သိမ်မရှိရင် ရဟန်းမဖြစ်နိုင်ပါဘူး။ဒါကြောင့် သိမ်အလှူဟာ အကောင်းဆုံးအလှူဖြစ်သလို အကျိုးအရှိဆုံးအလှူလဲဖြစ်တယ် လို့ တပည့်တော်အဖွားက ပြောပါတယ်။ တပည့်တော် အခုတစ်ခေါက်လှူခဲ့တာတွေကလဲ သိမ်တစ်လုံးမှ မပါဝင်ပေမဲ့ လိုအပ်တဲ့နေရာလေးတွေမှာ ဖြည့်ပေးလိုက်ရတဲ့အတွက်လဲ တပည့်တော်ဝမ်းသာနေပါတယ်။ တပည့်တော်အဖွားပြောတဲ့ စကားနဲ့ပတ်သက်လို့ တပည့်တော်မရှင်းဘူးဘုရား၊ အလှူထဲမှာ ဘာလှူရင်အကောင်းဆုံးလဲ အကျိုးအများဆုံးရနိုင်လဲ ဆိုတာသိချင်ပါတယ် ဘုရား” လို့ စာရေးသူအား လျှောက်ထားလာပါတယ်။ ဒါကိုအကြောင်းပြုပြီး အလှူဒါနဲ့စပ် သိမှတ်ဖွယ်ရာများကို တင်ပြပေးသွားပါ့မယ်။

အလှူနဲ့စပ်သိမှတ်ဖွယ်ရာအဖြာအဖြာကို ဘုရားရှင်ဟောကြားတော်မူထားတဲ့တရားတော်များရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အနီးစပ်ဆုံး တရားကို ပြောရရင် ဘုရားရှင်ဟာ သာဝတ္ထိ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေခိုက် ညဥ့်တစ်ညဉ့်ရဲ့သန်းခေါင်ယံအချိန်မှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျှက်ရှိတဲ့ နတ်သားတစ်ဦးက ဘုရားရှင်ထံပါး ရောက်လာပါတယ်။ သူသိလိုတဲ့အချက်အလက်တွေကို ဘုရားရှင်အားမေးလျှောက်ပါ တယ်။ မေးလျှောက်ရတဲ့အကြောင်းအရင်းက သူလိုလားတဲ့အရာတွေရှိနေလို့ပါပဲ၊ ဒါတွေက ခွန်အားကြီးချင်တယ်။ အရုပ်ချောချင်တယ်။ ချမ်းသာချင်တယ်။ မျက်စိအားကောင်းချင်တယ်။ အရာအားလုံးကို လိုချင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီအတွက် ဘာလုပ်ရမလဲဆိုတာ လမ်းညွန်ပေးဖို့ ဘုရားရှင်အား လျှောက်ထားပါတယ်။
နတ်သားရဲ့မေးခွန်းကို ဘုရားရှင်က တုံ့ဆိုင်းမနေ ချက်ခြင်းပဲ ဖြေကြားတော်မူလိုက်တယ်။ “နတ်သား…အားကောင်းချင်ရင် အစာရေစာပေး လှူပါ ။ အရုပ်ချောချင်တယ်ဆိုရင်တော့ အ၀တ်၊သင်္ကန်းစတာတွေကို ပေးလှူပါ၊ ချမ်သာချင်တယ်ဆိုရင် ထီး၊ဖိနပ်စတဲ့ယဉ်အလှူကို လူဒါန်းရတယ်။ မျက်စိ အမြင်ကောင်းအောင်ကတော့ ဆီမီးအလှူကို လှူဒါန်းရတယ်။ အထက်ကဆိုခဲ့တဲ့အရာအားလုံးကို လိုချင်ရင်တော့ နေထိုင်သီတင်းသုံးရာ ကျောင်းကို လှူရပါတယ်။
ဘုရားရှင်က ရှေ့ဆက်ပြီး ဘယ်သူမှမမေးပေမဲ့ လိုအပ်နေတဲ့အရာတစ်ခုကို မိန့်တော်မူခဲ့ ပါတယ်။ စာပေပို့ချမှုတွေ၊ စာပေသင်ယူမှုတွေ၊ အမေးပုစ္ဆာများရှင်းလင်းဖြေကြားပေးတာတွေ ၊ကမ္မဋ္ဌာန်းတရားပေးတာတွေ ၊ သွန်သင်ဆုံးမလမ်းပြပေးတာတွေဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်းဖြစ်တဲ့အတွက် အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ နားလည်အောင်ပြောရရင် သာသနာ တော်ရဲ့တာဝန်များဖြစ်တဲ့ ပရိယတ္တိ၊ပဋိပတ္တိလုပ်ငန်းများ အောင်မြင်အောင် တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးတာ ၊ လှူဒါန်းပေးတာ တွေဟာ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ တနည်းပြောရင် ဓမ္မဒါန တရားအလှူ လို့ ခေါ်ပါတယ်။
ဒါကြောင့် ဓမ္မပဒပါဠိတော် ၊တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံး လို့ ဘုရားရှင် ဟောတော်မူထားပါတယ် လို့ ပြောလိုက်တော့…
ထိုအမျိုးသမီးက “ အရှင်ဘုရား……တပည့်တော်သဘောပေါက်ပါပြီဘုရား။ တပည့်တော်က ပရဟိတ အားသန်တယ်ဘုရား၊ ဒုက္ခရောက်နေသူကိုလဲ မကြာခဏ အကူအညီပေးပါတယ်။ ဒီလိုအကူအညီပေးလိုက်ရလို့ သူတို့လေးတွေ အဆင်ပြေသွားတာကို ကြည့်ပီး တပည့်တော်မ ပီတိဖြစ်ခဲ့ရတာလဲ ရှိပါတယ်ဘုရား။ ဒါကိုကော အကောင်းဆုံးအလှူလို့ ပြောလို့ရပါသလားဘုရား” လို့ မေးလျှောက်လာပြန် ပါတယ်။ သာသနာအတွက် တစ်ဖက်တစ်လမ်းက အားပေးထောက်ပံ့နေတဲ့ သူမအတွက် အတွေးသံသယတွေ ပယ်ဖျောက်ပေးဖို့အတွက် ဘာသာရေးခေါင်းဆောင်များဖြစ်တဲ့စာရေးသူတို့ရဲ့ တာဝန်ပါ။
သူမအပြောအရ လူသားချင်းစာနာတဲ့စိတ်ရှိတယ်ဆိုတာ အလွန်ကောင်းတဲ့စိတ်ထားပါ။ ပရဟိတ သူတစ်ပါးအကျိုးကို ကြည့်တဲ့စိတ် ဓါတ်လေ၊ အလွန်မွန်မြတ်တဲ့စိတ်ဓါတ်ပေါ့။ ဒီလိုစိတ်ဓါတ်မျိုးဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ နှလုံးသွင်းမြဲဖြစ်တဲ့ စိတ်ဓါတ်မျိုးပါ။ ဒီလိုပဲ ကိုယ့်အကျိုးမဖက် သူတစ်ပါးအကျိုးငှဲ့ပီး ပေးကမ်းစွန့်ကြဲ တယ်ဆိုတာ သူတော်ကောင်းတွေပြုလေ့ရှိတဲ့ဒါနမျိုးပါ။ ဒါကိုပဲ ဒါနပါရမီ လို့ ကျမ်းဂမ်များမှာ နာမည်တတ်ထားပါတယ်။ ဒီဒါနမျိုးဖြစ်ဖို့အတွက် အလှူခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး အယုတ်၊ အလတ်၊အမြတ်မရွေးရဘူး၊ အလှူခံက ဘာပဲဖြစ်နေနေ ကိုယ့်အလှူဒါနမြောက်ဖို့အရေးကြီးပါတယ်။
ထိုအခါ အမျိုးသမီးက “အရှင်ဘုရား….ဒါဆိုရင် အလှူခံက သီလမစင်ကြယ်ဘူးဆိုရင် ကိုယ့်အလှူဟာ အကျိုးပေးနည်းတယ်၊ အလှူခံကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာလဲ တပည့်တော် ကြားဖူးပါတယ်ဘုရား၊ အဲဒါက ဘယ်လိုပါလဲဘုရား” လို့ လျှောက်ထားလာတယ်။
ခုတလော ဒီမေးခွန်းမျိုး အတော်မေးကြတယ်။ ဒါနဲ့ပတ်သက်ပြီး အကျယ်ရှင်းပြချင်ပါတယ်၊ဒါမှလဲ နားလည်သဘောပေါက် နိုင်မှာမို့လို့ပါ။
ပါဠိတော်မှာ “၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထဒိန္နံ မဟပ္ဖလံ” အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာ ဟုတ်ပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်မှလာတဲ့ သာဓကတစ်ခု ထုတ်ပြပါ့မယ်။
ဘုရားရှင်လက်ထက်က ဣန္ဒကနတ်သားနဲ့အင်္ကုရနတ်သားဆိုတာရှိတယ်။ မယ်တော်မိနတ်သားကို အကြောင်းပြုလို့ တာဝတိံသာမှာ ၀ါတွင်းသုံးလ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါတယ်။ စကြ၀ဠာများစွာ နတ်ဗြဟ္မာတွေလဲ တရားနာဖို့ လာကြပါတယ်။ဒီအထဲမှာ ဣန္ဒကနတ်သားနဲ့ အကုင်္ရနတ်သားတို့က ရှေ့ဆုံးကတော့ ဘုရားရဲ့အနီးဆုံးနေရာမှာ နေရာယူနေကြတယ်။ တဖြေးဖြေးနဲ့ တန်ခိုးကြီးတဲ့နတ် တွေ ရောက်လာတော့ အင်္ကုရနတ်သားက နေရာဖယ်ပေးရတယ်။ တန်ခိုးကြီးတဲ့ နတ်ဗြဟ္မာများကြောင့် အင်္ကုရနတ်သားဟာ (၁၂)ယူဇနာ ဝေးတဲ့အရပ်ကနေ တရားနာကြားရတယ်။ ဒါပေမဲ့ ဣန္ဒကနတ်သားကတော့ အရင်နေမြဲတိုင်းဖြစ်တဲ့ ဘုရားရဲ့အနီးဆုံးနေရာမှာပဲ နေပြီး တရားနာနေပါတယ်။ ဣန္ဒကနတ်သားနဲ့ အင်္ကုရနတ်သားတို့ နတ်ဖြစ်တာခြင်းအတူတူ ဘာ့ကြောင့် တစ်ဦးက တန်းခိုးကြီးပြီး ကျန်တစ်ဦးက တန်ခိုးနည်းပါးရပါသလဲဆိုရင် အကုင်္ရနတ်သားက သာသနာပမှာ သီလမရှိတဲ့သူများကိုသာ ကာလကြာမြင့်စွာ ပေးလှူခဲ့ရတဲ့အတွက် တန်းခိုးကြီးတဲ့နတ် မဖြစ်လိုက်ဘူး။ ဣန္ဒကနတ်သားကတော့ သာသနာတွင်းမှာ အရှင်အနုရဒ္ဓာမထရ်ကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူလိုက်ရတဲ့ အတွက် နတ်ပြည်မှာတန်ခိုးကြည့်တဲ့နတ်ဖြစ်ရတယ်။ ဒါဟာ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ်ကို အခြေခံပြီး အကျိုးသက်ရောက်မှု ကွာခြားပုံပါ။ ဒါကြောင့်လဲ ဘုရားရှင်က အလှူခံကို ရွေးချယ်စိစစ်ပြီး လှူကြဖို့ ဟောကြားတော်မူခဲ့ပါတယ်။ (ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်)
မဟာဗုဒ္ဓ၀င်မှာကျတော့ အလှူပုဂ္ဂိုလ်တို့ကို အယုတ်၊အလတ်၊အမြတ်မရွေး ပေးလှူရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဒါနပြုရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်စရာမလိုပါ။ ထင်ရှားအောင် သာဓကထုတ်ပြရရင်….
ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးရဲ့ဖြစ်စဉ်မှာ မင်းကြီးဟာ ဒါနမြောက်ဖို့အတွက် သားတော်နဲ့ သမီးတော်ကို သီလမရှိတဲ့ ဇူဇကာပုဏ္ဏားအား ပေးလှူလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ အလှူခံကို မကြည့်ဘဲ သူ့ရဲ့အလှူဒါနမြောက်ဖို့သာ ပြတ်သားစွာ တွေးခဲ့ပြီး လှူဒါန်းလိုက်တာဖြစ်တယ်။ ဒါကိ မဟာဗုဒ္ဓ၀င်မှာ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တာသာရာဘိဝံသရဲ့ ကျမ်းညှိထားတာ လေးကို ဖေါ်ပြပါ့မယ်။
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပီးလှူရမယ်ဆိုတာက သာမည လူနတ်တို့ရဲ့ရည်ရွယ်ချက်က အကောင်းဆုံး လောကီစည်းစိမ်ချမ်းသာ ကို တောင့်တကြတာဖြစ်တဲ့အတွက် အကောင်းဆုံးအလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသပါဠိတော်မှာ ဟော တော်မူထားတဲ့နည်းလမ်းက သာမညနတ်လူတို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ယူရပါမယ်။
တစ်ဖန် ဘုရားအလောင်းသူတောင်ကောင်းတို့ ပါရမီဖြစ်ကျင့်တဲ့အခါမှာ သဗ္ဗညုတဥာဏ်တော်ရရှိရေးအတွက် အလှူခံပုဂ္ဂိုလ် ရွေးချယ်နေစရာမလိုဘဲ ဒါနပါရမီမြောက်အောင် လှူဒါန်းရမယ် လို့ မိန့်တော်မူခဲ့တာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလှူဒါနနဲ့ပတ်သက်ပြီး နှစ်မျိုးဖြစ်နေတော့ အလှူလုပ်တဲ့အခါ ဒီနှစ်မျိုးစလုံးပါသွားအောင် ဘယ်လိုလုပ်ရမလဲဆို တာစဉ်းစားရမယ်။ ဒါနဲ့စပ်ပြီး စစ်ကိုင်းမြို့ မြစကြာဆရာတော်ရဲ့ “စိတ်ထားစင်ကြယ် စွမ်းအားကြွယ်”ဆိုတဲ့စာအုပ်မှာ သုံးသပ်ပြထားတာ အတော်ကောင်းပါတယ်။ ဒါလဲ စာချစ်သူများသိသင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
စာချစ်သူများသတိထားရမှာက အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမယ်ဆိုတာကိုပဲဆုပ်ကိုင်ထားပြီး၊ အမြဲတမ်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီးနေတယ်ဆိုရင် နစ်နာမှုရှိနိုင်ပါတယ်။ ပါရမီဖြစ်ဖို့မလွယ်ဘူး။ အချို့ပုဂ္ဂိုလ်များကျတော့ အယုတ်၊အလတ်၊အမြတ်မရွေး လှူဒါန်းပါဆိုတဲ့အယူကို ဆုပ်ကိုင်ပြီး လှူဒါန်းတယ်။ဒါဆိုရင် အဆိပ်ပင်ရေလောင်းတဲ့သဘောမျိုးတွေ ဖြစ်တတ်တယ်။သတိထားစရာကောင်း ပါတယ်။ ဒီနှစ်ခုကို ညှိပြပါ့မယ်။ တောင်မြို့မဟာဂန္ဓရုံကျောင်းအစ်မ ဒေါ်ကျင်သန်းဆိုတာရှိတယ်။ သူ့ကို တောင်မြို့၊မဟာဂန္ဓာရုံဆရာတော်က ဆုံးမဖူးတဲ့စကားရှိတယ်။
ဆရာသမားအဖြစ်နဲ့ဆည်းကပ်ကိုးကွယ်တဲ့အခါမှာ နှလုံးလှတဲ့ဆရာသမား၊ပရိယတ်၊ပဋိပတ်စွယ်စုံလှတဲ့ဆရာသမားမျိုး ဖြစ်ရပါမယ်။ ဒါ့ပြင် သီလလဲလုံခြုံအောင်ထိမ်းမယ်၊ အားလုံးအတွက်အနစ်နာခံတယ်၊ မေတ္တာတရားပြည့်ဝတဲ့နူညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်ရမယ်၊ ဒကာဒကာမ များနဲ့ဆက်ဆံတောင်မှ ရလိုမှုကြောင့်မဟုတ်ဘူး။ ဒီလိုဆရာသမားမျိုးဟာ သမာဓိအားကောင်းတယ်လို့ ဆိုရပါမယ်။ ပီးတော့ ပညာပြည့်ဝတဲ့ ဆရာသမားများကိုလဲ ဆည်းကပ်ရပါမယ်။ ဒီလို သီလ၊သမာဓိ၊ပညာ ရှိတဲ့ဆရာသများအား ဆည်းကပ်ကိုးကွယ်ကြရမယ်။ ဆည်းကပ်ဆိုတဲ့အထဲမှာ နောက်ကွယ်က လှူဒါန်းမှုတွေလဲပါဝင်သွားတယ်။ ဒါဆိုရင် သီလာ သမာဓိ ပညာ ရှိတဲ့သူကို လှူဒါန်းပူဇော်မှုအားလုံး ပါဝင်သွားပါတယ်။
ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီးက ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊ အလတ်၊အမြတ် မရွေးပါနဲ့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ် မှန်သမျှ ကူညီလှူဒါန်းပါလို့ မိန့်တော်မူခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်အားလုံးကို ကူညီပံ့ပိုးပေးတာဟာ ပါရမီဖြည့်တာပါပဲ။ အိမ်မိုးမလုံတာကို မိုးလုံအောင်လုပ်ပေးတယ်။ သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံခဲ့ရတဲ့ နာဂစ် ဒုက္ခသည်တွေကို စားဝတ်နေရေးကူညီပံ့ပိုးပေး တာတွေဟာ ကိုယ့်အကျိုးမကြည့် ဒုက္ခသည်အကျိုးသာကြည့်တဲ့အတွက် မွန်မြတ်သန့်ရှင်းတဲ့ပေးကမ်းမှုပါ။
အချူပ်ပြောရင် ဆရာသမားအဖြစ်နဲ့ ဆည်းကပ်ကိုးကွယ်လိုတယ်ဆိုရင် ပညာပြည့်ဝနှလုံးလှတဲ့ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်ကိုးကွယ် ပူဇော်ရပါမယ်။ ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊အလတ်၊အမြတ်မရွေး ပေးကမ်းလှူဒါန်းပါတယ်ဆိုတာပါပဲ။ မေးခွန်းမေးလာတဲ့ အမျိုးသမီးနဲ့တကွ စာချစ်သူများအားလုံး အလှူနဲ့စပ်ပြီး ရှင်းရှင်းလင်းလင်းသိကာ အမျိုးဘာသာ သာသနာကို ဆထက်တံဘိုး ထမ်းဆောင်နိုင်ပါစေလို့ဆန္ဒပြုရင်း…………..။
လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၆.၈.၂၀၁၀၊ နံနက်-၇း၁၅နာရီ၊

အပြည့်အစုံသို့ »